Burmese

ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏


ဤကမ္ဘာပေါ်၌ ငါ၏နောက်လိုက်များ ဖြစ်လာစေရန် လူအမြောက်အမြားကို ရှာတွေ့ထားသည်။ ထိုနောက်လိုက်များ အားလုံးအထဲ၌ ယဇ်ပုရောဟိတ်များ၊ ဦးဆောင်ဦးရွက်ပြုသူများ၊ ဘုရားသခင်၏သားများ ဖြစ်လာရန် ပုံသွင်းကြသူများ၊ အသင်းအဖွဲ့ တည်ထောင်သူများနှင့် အစေခံလုပ်ငန်း ဆောင်ရွက်နေသူများ စသည်ဖြင့် အမျိုးမျိုးရှိကြ၏။ ၎င်းတို့ အသီးသီး၏ သစ္စာစောင့်သိမှုအပေါ် မူတည်၍ မတူကွဲပြားခြားနားသည့် အမျိုးအစားများအဖြစ် အုပ်စုအသီးသီး ငါခွဲထုတ်လိုက်သည်။ ထိုသူအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် အုပ်စုအသီးသီး ခွဲခြားလိုက်သောအခါ အမျိုးအစား တစ်ခုချင်းစီ၏ သဘောသဘာဝသည် ထုတ်ဖော်ခြင်း ခံရသည်၊ ထို့နောက် လူတစ်ဦးချင်းစီကို ၎င်း၏ အမျိုးအစား အုပ်စုအလိုက် မှန်မှန်ကန်ကန် ရေတွက်နိုင်ပြီး ၎င်းတို့နှင့် ကိုက်ညီသော နေရာအမှန်ထဲ၌ ထည့်သွင်းနိုင်သည်။

 သို့မှသာ ငါ၏ ရည်ရွယ်ချက် ဖြစ်သော လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းဟူသည့် အရာကို ငါအကောင်အထည်ဖော်နိုင်မည်။ ထိုနည်းတူ ငါ၏ နေအိမ်သို့ ပြန်လာနိုင်ရန် ငါကိုယ်တိုင် ကယ်တင်ရန် ဆန္ဒရှိသော အုပ်စုကို ငါခေါ်ပြီးနောက် နောက်ဆုံးသောကာလ၌ ထိုသူအားလုံးတို့အား ငါ၏အမှုကို လက်ခံရန် ငါခွင့်ပြုမည်။ ထိုအချိန်၌ လူအသီးသီးတို့အား အမျိုးအစားအလိုက် ငါခွဲထုတ်မည်။ ထို့နောက် ၎င်းတို့၏ အကျင့်များအပေါ် မူတည်၍ တစ်ဦးချင်းစီကို ဆုချီးမြှင့်မည်၊ သို့မဟုတ် ပြစ်ဒဏ်စီရင်မည်။ ဤအရာများမှာ ငါ၏ အမှုထဲ၌ ပါဝင်သည့် အဆင့်များ ဖြစ်သည်။
ဤကမ္ဘာပေါ်၌ ယခု ငါအသက်ရှင်ပြီး လူတို့အထဲ၌ နေထိုင်နေသည်။ လူသားအားလုံးသည် ငါ၏ အမှုကို တွေ့ကြုံခံစားနေကြပြီး ငါ၏ ဖွင့်ဆိုချက်များကို စောင့်ကြည့်နေကြသည့်အပြင် ငါ၏ နောက်လိုက် တစ်ဦးချင်းစီအား ထိုသမ္မာတရားအားလုံးတို့ကို ငါအပ်နှင်းထားသည်၊ သို့မှသာ ၎င်းတို့သည် ငါ့ထံမှ အသက်ကို ရရှိမည်ဖြစ်ကာ ၎င်းတို့ နင်းလျှောက်သွားနိုင်မည့် လမ်းကြောင်းကိုလည်း ပိုင်ဆိုင်ရကြမည်။ အကြောင်းမှာ ငါသည် ဘုရားသခင်ဖြစ်ပြီး အသက်ကို ပေးပိုင်သူဖြစ်သည်။ ငါ့အမှုကို လုပ်ဆောင်ခဲ့သည့် နှစ်ပေါင်းများစွာ အတောအတွင်း လူသားတို့သည် အမြောက်အမြား ရရှိခဲ့ပြီး အမြောက်အမြားလည်း စွန့်လွှတ်ခဲ့ကြသည်၊ သို့သော်လည်း လူသားတို့သည် ငါ့ကို ဧကန်အမှန် မယုံကြည်ကြဟု ငါပြောဦးမည်။ ဤသို့ဖြစ်ရသည်မှာ ငါသည် ဘုရားသခင် ဖြစ်ကြောင်းကို လူသားတို့သည် နှုတ်အားဖြင့်သာလျှင် ဝန်ခံကြပြီး ငါပြောထားသည့် သမ္မာတရားကို လက်မခံကြသောကြောင့်ဖြစ်ကာ ထိုထက်မက ငါအလိုရှိသော သမ္မာတရားကိုလည်း လက်တွေ့ မကျင့်သုံးကြသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင် တည်ရှိကြောင်းကိုသာ လူသားတို့ အသိအမှတ် ပြုထားကြသော်လည်း သမ္မာတရား တည်ရှိကြောင်းကိုမူ ဝန်မခံကြပေ၊ ဘုရားသခင် တည်ရှိမှုကိုသာလျှင် လူသားတို့ဝန်ခံကြပြီး အသက်တည်ရှိမှုကိုကား အသိအမှတ် မပြုကြပေ။ ဘုရားသခင်၏ နာမတော်ကိုသာလျှင် လူသားတို့ ဝန်ခံကြပြီး သူ၏ အနှစ်သာရကိုကား အသိအမှတ် မပြုကြချေ။ လူသားတို့၏ စိတ်အားထက်သန်မှုကြောင့် လူသားသည် ငါ၏ရှေ့မှောက်၌ စက်ဆုပ်ရွံရှာဖွယ် ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့သည် ငါ့အား လိမ်လည်လှည့်စားရန် နားဝင်ချိုလှသော စကားလုံးများကို အသုံးပြုတတ်ကြပြီး စစ်မှန်သော နှလုံးသားဖြင့် ငါ့ကို တစ်ဦးတစ်ယောက်မျှ ဝတ်မပြုကြသောကြောင့် ဖြစ်သည်။ သင်တို့ပြောစကားများမှာ မြွေ၏ ဖြားယောင်းသွေးဆောင်မှုကဲ့သို့ ဖြစ်သည်။ ထို့ပြင် ယင်းစကားများသည် တစ်ဖက်စွန်းတိုင်အောင် မာန်တက်လှပြီး ကောင်းကင်တမန်မင်း၏ ကြေညာခြင်းကဲ့သို့ ဖြစ်သည်။ ထိုမျှသာမက သင်တို့၏ လုပ်ဆောင်ချက်များမှာ ရှက်ဖွယ်ရာကောင်းသော အခြေအနေထိတိုင် စုတ်ပြတ်သတ်နေသည်၊ သင်တို့၏ လွန်လွန်ကဲကဲဖြစ်သော တပ်မက်မှုနှင့် အငမ်းမရဖြစ်သော စိတ်ဆန္ဒများမှာ နားဖြင့်ပင် မကြားဝံ့မနာသာ ဖြစ်သည်။ သင်တို့အားလုံးမှာ ငါ့အိမ်ထဲမှ ပိုးဖလံများအလား ဖြစ်လာကြပြီး မလို၍ စွန့်ပစ်အပ်သော အရာဝတ္ထု အပိုများကဲ့သို့ ဖြစ်လာကြသည်။ အကြောင်းမှာ သင်တို့တွင် တစ်ဦးတစ်လေကမှ သမ္မာတရားကို ချစ်မြတ်နိုးခြင်း မရှိကြပေ၊ ထိုအစား သင်တို့သည် ကောင်းချီးမင်္ဂလာများကို လိုချင်တပ်မက်ကြသူများ၊ ကောင်းကင်ဘုံသို့ တက်လိုကြသူများ၊ ခရစ်တော်က အံ့မခန်းလောက်သော ဘုန်းတန်ခိုး အာနုဘော်ကို ကမ္ဘာပေါ်၌ ကိုင်ဝင့်ခြင်းကို မြင်တွေ့လိုကြသူများသာလျှင် ဖြစ်သည်။ သို့သော် နက်ရှိုင်းစွာ ပျက်စီးယိုယွင်းနေကြသည့် သင်တို့ကဲ့သို့သောသူ၊ ဘုရားသခင်ဟူသည်ကို လုံးဝမသိသောသူသည် ဘုရားသခင်၏ နောက်တော်သို့လိုက်ရန် ထိုက်တန်နိုင်၏လောဟု သင်တို့တွေးမိဖူးသလော။ သင်တို့သည် ကောင်းကင်ဘုံသို့ မည်ကဲ့သို့ တက်ရောက်နိုင်ပါမည်နည်း။ မည်သို့လျှင် သင်တို့သည် အတုမရှိသော ခံ့ညားထည်ဝါမှု အခြင်းအရာများဖြစ်သည့် ထူးဆန်းအံ့သြဖွယ်တို့ကို တွေ့မြင်ထိုက်ပါမည်နည်း။ သင်တို့၏ နှုတ်ခမ်းများမှာ လိမ်ညာမှုနှင့် ညစ်ညမ်းရိုင်းစိုင်းသော စကားလုံးများသာမက သစ္စာဖောက်ဖျက်ပြီး မာန်မာနကြီးထွားနေသည့် စကားလုံးများဖြင့်သာ ပြည့်ဝနေကြသည်။ သင်တို့သည် ငါ့အား ရိုးသားသော စကားလုံးများဖြင့် မည်သည့်အခါမျှ မပြောဆိုကြ၊ သန့်ရှင်းစင်ကြယ်သော စကားလုံး တစ်လုံးမျှ မထွက်ကြ၊ ငါ၏ နှုတ်ကပတ်တော်ကို တွေ့ကြုံခံစားပြီးသည့်နောက် ငါ့ကို ကျိုးနွံနာခံသော စကားလုံး တစ်လုံးမျှ မပြောကြပေ။ နောက်ဆုံး၌ သင်တို့၏ ယုံကြည်ခြင်းမှာ အဘယ်ကဲ့သို့နည်း။ သင်တို့၏ စိတ်နှလုံးများမှာ လိုချင်တပ်မက်မှုနှင့် ချမ်းသာကြွယ်ဝမှုများနှင့်သာ ပြည့်နေပြီး သင်တို့၏ စိတ်ထဲ၌ ရုပ်ဝတ္ထုပစ္စည်းများနှင့်သာ ပြည့်နေကြသည်။ ငါ့ထံမှ တစ်စုံတစ်ခု မည်သို့ ရနိုင်မည်၊ ချမ်းသာကြွယ်ဝမှုနှင့် ရုပ်ဝတ္ထုပစ္စည်းများ ငါ့ထံမှ မည်မျှ ရရှိမည် စသဖြင့် သင်တို့ နေ့စဉ်နေ့တိုင်း တွက်ချက်နေကြသည်။ သင်တို့ ခံစားနိုင်ရန်အလို့ငှာ ကောင်းချီးမင်္ဂလာများ သင်တို့အပေါ်သို့ ပိုမိုသက်ရောက်ရန် သင်တို့ နေ့တိုင်း စောင့်မျှော်နေကြသည်။ ခံစားနိုင်မည့် အရာများသည် ပို၍များလေလေ ပို၍ကောင်းလေလေပင် ဖြစ်သည်။ သာ့်နောက် သင်တို့၏ စိတ်ကူးအတွေးထဲ၌ အချိန်တိုင်း စက္ကန့်တိုင်း ရှိနေသည်မှာ ငါမဟုတ်ပေ၊ ငါ့ထံမှလာသည့် သမ္မာတရားလည်းမဟုတ်၊ သို့သော် သင်တို့၏ ခင်ပွန်း (ဇနီး)၊ သားများ၊ သမီးများ အကြောင်း၊ သင်တို့ ဘာစားမည် ဘာဝတ်မည် ဟူသည့်အကြောင်းနှင့် သင်တို့အတွက် ဝမ်းမြောက်ပျော်ရွှင်မှု မည်ကဲ့သို့ ရရှိမည်၊ မည်ကဲ့သို့ ပို၍ကောင်းမွန်လာမည် စသည့် အကြောင်းအရာများသာ သင်တို့ စိတ်ထဲ၌ လွှမ်းမိုးနေသည်။ သင်တို့၏ ဝမ်းဗိုက်ထဲသို့ တင်းကြပ်ပြည့်လျှံစွာ ဖိသိပ်ထည့်သော်လည်း သင်တို့သည် အလောင်းကောင်နှင့်သာ တူကြသည် မဟုတ်သလော။ သင်တို့၏ ရုပ်ပိုင်းဆိုင်ရာ အပြင်ပန်းကို ပိုမိုတောက်ပ ခံ့ညားလာအောင် တန်ဆာဆင်နေကြသော်လည်း သင်တို့သည် အသက်မရှိပဲ လမ်းလျှောက်နေသည့် အသေကောင်သာ ဖြစ်သည်မဟုတ်လော။ သင်တို့၏ဆံပင်များသည် အဖြူရောင် အကွက်များအဖြစ် ပြောင်းသွားသည့်တိုင်အောင် သင်တို့၏ ဝမ်းရေးအတွက် အလုပ်ကို ပင်ပင်ပန်းပန်း အားသွန်ခွန်စိုက် လုပ်နေကြသော်လည်း ငါ့အမှုအတွက်ကိုမူ မည်သူကမှ ဆံပင်တစ်ချောင်းစာမျှပင် ကိုယ်ကျိုးစွန့် မလုပ်ဆောင်ပေးကြချေ။ သင်တို့၏ သွေးသားတပ်မက်မှု၊ သင်တို့၏ သားသမီးများအတွက် ကိုယ်ခန္ဓာ ပင်ပန်းဆင်းရဲခံပြီး ဦးနှောက်ခြောက်အောင် စဉ်းစားကာ အဆက်မပြတ် မနားမနေ ကြိုးစားအားထုတ်ကြသော်လည်း ငါ၏အလိုတော်အတွက် မည်သူ တစ်ဦးတစ်ယောက်ကမျှ စိုးရိမ်ပူပန်သည့် ဟန်ပန်အမူအရာ မဖော်ပြကြပေ။ သင်တို့သည် ငါ့ထံမှ မည်သည့်အရာကို ရနိုင်ရန် ဆက်လက် မျှော်လင့်နေကြသနည်း။
ငါသည် အလုပ်လုပ်သောအခါ၌ ဘယ်သောအခါမျှ အလျင်စလို မလုပ်။ လူသားတို့သည် မည်သည့် နည်းလမ်နှင့်မဆို ငါ့နောက်သို့ လိုက်သည်ဖြစ်စေ ငါသည် ငါ၏အမှုကို အဆင့် တစ်ခုချင်းစီနှင့်အညီ၊ ငါ၏ အကြံအစည်နှင့်အညီ ဆောင်ရွက်သည်။ ထို့ကြောင့် သင်တို့သည် ငါ့အား အလွန်အမင်း ဆန့်ကျင်ကောင်း ဆန့်ကျင်နေလင့်ကစား ငါ၏အမှုကို ဘယ်သောအခါမျှ မရပ်တန့်ဘဲ ငါပြောလိုသည့် စကားများကို ဆက်လက် ပြောဆိုသည်။ ငါ၏ စကားများကို နားထောင်စေရန် ကြိုတင်ခွဲခန့် မှတ်သားထားသည့်သူ အားလုံးတို့ကို ငါ့အိမ်သို့ ငါခေါ်မည်ဖြစ်ပြီး ငါ့စကားကို နာခံပြီး တောင့်တသောသူ အားလုံးတို့ကို ငါ၏ ပလ္လင်တော်ရှေ့မှောက်သို့ ခေါ်သွင်းကာ နေရာပေးမည်။ ငါ့စကားကို စွန့်ပယ်သောသူ၊ ငါ့ကို မနာခံ၊ မကျိုးနွံသောသူများနှင့် ငါ့အား ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ဖီဆန်သူ အားလုံးတို့ကို အခြား တစ်ဖက်တွင် နေရာချပြီး နောက်ဆုံးသော ပြစ်ဒဏ်စီရင်ခြင်းအတွက် စောင့်ဆိုင်းနေစေမည်။ လူသားအားလုံးတို့မှာ ယိုယွင်းပျက်စီးမှုထဲ၌ ကျင်လည်နေကြပြီး မကောင်းဆိုးဝါး လက်အောက်၌ သက်ရှင်နေကြသည်။ ထို့အတွက်ကြောင့် ငါ့နောက်သို့ လိုက်သောသူ အနည်းငယ်မျှသာလျှင် သမ္မာတရားကို အမှန်တကယ် လိုလားနှစ်သက်ကြသည်။ ဆိုလိုရင်းမှာ လူသားအများစုသည် ငါ့အား စစ်မှန်သော နှလုံးသား သို့မဟုတ် သမ္မာတရားဖြင့် ဝတ်မပြု မကိုးကွယ်ကြပေ၊ ထိုအစား အကျင့်စာရိတ္တပျက်ပြားမှု၊ ဆန့်ကျင်ဖီဆန်မှု၊ လိမ်ညာလှည့်ဖျားမှုများမှတစ်ဆင့် ငါ၏ ယုံကြည်စိတ်ချရမှုကို ရယူနိုင်ရန် ကြိုးစားနေကြသည်။ ဤအတွက် ကြောင့်ပင် “ခေါ်ခြင်းခံရသူ များပြားသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏” ဟူ၍ ငါပြောခြင်းဖြစ်သည်။ ခေါ်ခြင်းခံရသူ အားလုံးတို့မှာ နက်ရှိုင်းစွာ ယိုယွင်းပျက်စီးနေကြပြီး ခေတ်ကာလ တစ်ခုတည်း၌ အသက်ရှင်နေကြသည်၊ သို့သော်လည်း ရွေးကောက်ခံရသူများမှာ သမ္မာတရားကို ယုံကြည်လျက် ဝန်ခံကြပြီး ယင်းသမ္မာတရားအတိုင်း လက်တွေ့လိုက်လျှောက် အသက်ရှင်ကြသည့် အုပ်စုဖြစ်သည်။ ယင်းလူသားများမှာ လူသားထု တစ်ရပ်လုံး၏ အလွန်သေးငယ်သည့် အစိတ်အပိုင်း တစ်ခုမျှသာရှိပြီး ထိုသူများအားဖြင့် ငါသည် သာ၍များသော ဘုန်းတော်ကို ရရှိမည်။ ထိုစကားများကို ချိန်ထိုးနှိုင်းဆခြင်းမှတဆင့်၊ သင်တို့အနေဖြင့် ယင်းရွေးကောက်ခံရသူအထဲ၌ ပါသလော၊ မပါသလောကို သင်တို့ သိပါသလား။ သင်တို့၏ အဆုံးသတ်မှာ အဘယ်သို့ဖြစ်မည်နည်း။
ငါ၏ နောက်သို့ လိုက်သောသူများမှာ အများအပြား ရှိ၏၊ သို့သော် ငါ့ကို စစ်မှန်သော နှလုံးသားဖြင့် ချစ်ကြသူများမှာ အနည်းငယ်သာ ရှိသည်ဟု ငါပြောခဲ့ပြီးပြီ။ အချို့က “ကျွန်ုပ်သည် ကိုယ်တော်ကို မချစ်ခဲ့ပါက ဤကဲ့သို့ ကြီးမားလှသည့် အဖိုးအခကို ပေးဆပ်ခဲ့လိမ့်မည်လော။ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်ကို မချစ်ခဲ့ပါက ဤနေရာထိ နောက်တော်သို့ လိုက်လျှောက်ခဲ့လိမ့်မည်လော”ဟူ၍ ပြောကောင်းပြောကြလိမ့်မည်။ သင်၌ အကြောင်းပြချက် အမြောက်အမြား အသေအချာပင် ရှိပြီး၊ သင်၏ချစ်ခြင်းသည် အမှန်တကယ်၌ အလွန်ကြီးမားပါသည်၊ သို့သော်လည်း ငါ့ကိုချစ်သော သင့်ချစ်ခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ “ချစ်ခြင်းမေတ္တာ” ဟူသည့် အရာမှာ လုံးဝဖြူစင်သည့် အပြစ်ဆိုဖွယ်ရာမရှိသော စိတ်ခံစားမှု တစ်ခုကို ရည်ညွှန်းသည်၊ သင့်နှလုံးသားဖြင့် သူတစ်ပါးကို သင်ချစ်သည့်နေရာ၊ သင်ခံစားသည့်နေရာနှင့် သူတစ်ပါးအတွက် သင်စဉ်းစားပေးသည့်နေရာ၌ အသုံးပြုသော အရာလည်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာ၌ သတ်မှတ်ချက်များမရှိ၊ အတားအဆီးမရှိ ထို့ပြင် အကွာအဝေးလည်းမရှိပေ။ ချစ်ခြင်းမေတ္တာသည် မသင်္ကာစရာမရှိ၊ လိမ်ညာမှုမရှိ၊ ထို့ပြင် ကောက်ကျစ်စဉ်းလဲမှုလည်း မရှိပေ။ ချစ်ခြင်းမေတ္တာ၌ အကွာအဝေး မရှိသည့်အပြင် မစင်ကြယ်မှု လုံးဝမရှိပေ။ အကယ်၍ သင်သည် ချစ်ခြင်းမေတ္တာထားပါက၊ လိမ်လည်လှည့်ဖြားမည် မဟုတ်၊ မညည်းညူ၊ သစ္စာမဖောက်ဖျက်၊ ဆန့်ကျင်ပုန်ကန်မှု မလုပ်၊ တောင်းဆိုမှု မလုပ်ပေ၊ သို့မဟုတ် တစ်စုံတစ်ရာ ရယူရန် သို့မဟုတ် ပမာဏ တစ်ခုခု ရယူရန်အတွက် ကြိုးပမ်းမည်မဟုတ်ချေ။ သင်သည် သူတစ်ပါးအပေါ် မေတ္တာထားပါက၊ ဝမ်းမြောက်ဝမ်းသာစွာ စွန့်လွှတ်အနစ်နာခံပြီး အခက်အခဲ ဟူသမျှ ကြံ့ကြံ့ခံလိမ့်မည်၊ ထို့ပြင် သင်သည် ငါနှင့် သဟဇာတ ဖြစ်လာလိမ့်မည်။ ငါ့အတွက် သင်၌ ရှိရှိသမျှကို ပေးဆပ်နိုင်လိမ့်မည်၊ သင့်မိသားစု၊ သင့်အနာဂတ်၊ သင့်ငယ်ရွယ်နုပျိုမှုနှင့် သင့်အိမ်ထောင်ရေး စသည်တို့ ဖြစ်သည်။ သို့မဟုတ်ပါက သင့်ချစ်ခြင်းမေတ္တာမှာ မေတ္တာစစ် မေတ္တာမှန် မဖြစ်နိုင်ဘဲ ယင်းအစား လိမ်ညာမှုနှင့် သစ္စာဖောက်ဖျက်မှုပင် ဖြစ်သည်။ သင်၏ ချစ်ခြင်းမေတ္တာမှာ မည်သည့် မေတ္တာ အမျိုးအစား ဖြစ်သနည်း။ စစ်မှန်သော မေတ္တာ ဟုတ်ပါရဲ့လား။ သို့မဟုတ် အတုအယောင်များလား။ သင်မည်မျှအထိ ပေးဆပ်ခဲ့သနည်း။ သင်မည်မျှအထိ ဆက်ကပ်ခဲ့သနည်း။ သင့်ထံမှ မေတ္တာ မည်မျှအထိ ငါလက်ခံရရှိခဲ့ပါသနည်း။ သင်သိပါသလား။ သင်တို့၏ နှလုံးသားများသည် ဆိုးညစ်မှု၊ သစ္စာဖောက်ဖျက်မှုနှင့် လိမ်လည်လှည့်ဖျားမှုများဖြင့်သာ ပြည့်နှက်နေပြီး သင့်ချစ်ခြင်းမေတ္တာအထဲ၌ မသန့်ရှင်းသည့် အစွန်းအထင်း မည်မျှ ပါဝင်ရောယှက်နေသနည်း။ သင်တို့သည် ငါ့အတွက် အလုံအလောက် စွန့်လွှတ်ခဲ့ပြီးပြီဟု ထင်မြင်နေကြပြီး ငါ့အတွက် ထားရှိသော သင်တို့၏ မေတ္တာမှာ လုံလောက်ပြီဟု သင်တို့ ထင်မြင်ကြသည်။ သို့သော်လည်း သင်တို့၏ စကားလုံးများနှင့် အမူအကျင့်များမှာ အဘယ်ကြောင့် အမြဲတမ်း ဆန့်ကျင်ပုန်ကန်ပြီး လိမ်လည်လှည့်ဖျား နေကြသနည်း။ သင်တို့သည် ငါ့နောက်သို့ လိုက်ကြသော်လည်း ငါ၏ စကားကိုကား အသိအမှတ် မပြုကြပေ။ ယင်းကို ချစ်ခြင်းမေတ္တာဟု ဆိုနိုင်သလော။ သင်တို့သည် ငါ့နောက်သို့ လိုက်ကြသော်လည်း ငါ့ကို ဘေးသို့ ဖယ်ထားကြပြီ။ ယင်းကို ချစ်ခြင်းမေတ္တာဟု ဆိုနိုင်သလော။ သင်တို့သည် ငါ့နောက်သို့ လိုက်ကြသည် မှန်သော်လည်း ငါ့ကို ယုံမှားသံသယ ထားရှိကြသည်။ ယင်းကို ချစ်ခြင်းမေတ္တာဟု ဆိုနိုင်သလော။ သင်တို့သည် ငါ့နောက်သို့ လိုက်သော်လည်း ငါ၏တည်ရှိနေမှုကိုကား လက်မခံနိုင်ကြ။ ယင်းကို ချစ်ခြင်းမေတ္တာဟု ဆိုနိုင်သလော။ သင်တို့သည် ငါ့နောက်သို့ လိုက်ကြသည် မှန်သော်လည်း ငါ့ကို အထိုက်အလျောက် မဆက်ဆံကြ၊ ထို့ပြင် အချိန်တိုင်း၌ ငါ့အား ခက်ခဲစေရန် လုပ်ဆောင်တတ်ကြသည်။ ယင်းကို ချစ်ခြင်းမေတ္တာဟု ဆိုနိုင်သလော။ သင်တို့သည် ငါ့နောက်သို့ လိုက်ကြသည် မှန်သော်လည်း ငါ့အား လှည့်စားပြီး အရာရာ၌ လိမ်ညာလှည့်ဖြားကြသည်။ ယင်းကို ချစ်ခြင်းမေတ္တာဟု ဆိုနိုင်သလော။ သင်တို့သည် ငါ့အစေကို ခံကြသော်လည်း ငါ့ကိုကား မကြောက်ရွံ့ကြ။ ယင်းကို ချစ်ခြင်းမေတ္တာဟု ဆိုနိုင်သလော။ အချိန်မရွေး နေရာမရွေး သင်တို့သည် ငါ့ကို ဆန့်ကျင်ဖက် ပြုမူကြသည်။ ဤအရာအားလုံးကို ချစ်ခြင်းမေတ္တာ ထားရှိသည်ဟု ခေါ်ဆိုနိုင်မည်လော။ သင်တို့ အမြောက်အမြား စွန့်လွှတ်ပေးဆပ်ခဲ့သည် မှန်သော်လည်း သင်တို့အား ငါပြုစေလိုသည့် အရာများကိုကား ဘယ်သောအခါမျှ သင်တို့ လက်တွေ့ မလုပ်ဆောင်ကြပေ။ ဤသည်ကို ချစ်ခြင်းမေတ္တာ ရှိသည်ဟု ဆိုနိုင်မည်လော။ ဂရုတစိုက် သေချာ ရေတွက်ကြည့်လိုက်မည်ဆိုပါက ငါ့အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာမှာ သင်တို့အထဲ၌ အရိပ်အမြွက် အနည်းငယ်မျှပင် မရှိကြောင်း ဖော်ပြနေသည်။ နှစ်ပေါင်း မြောက်မြားစွာ လုပ်ဆောင်လာခဲ့ပြီး စကားအမြောက်အမြား ငါဆိုခဲ့ပြီးနောက် သင်တို့သည် အဘယ်မျှလောက် အမှန်တကယ် ရရှိခဲ့ကြသနည်း။ ဤအချက်ကို အသေအချာ ပြန်စဉ်းစားကြည့််ရန် မထိုက်တန်ပါသလော။ ငါသည် သင်တို့အား “ယခု သတိပေးနှိုးဆော်ပြီ” ငါ့ထံသို့ ငါခေါ်သူများမှာ ဘယ်သောအခါမျှ မယိုယွင်းမပျက်စီးခဲ့ဖူးသူများ မဟုတ်ပေ၊ ထိုအစား ငါရွေးကောက်သော သူများမှာမူ ငါ့အား အမှန်တကယ် ချစ်မြတ်နိုးကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် သင်တို့သည် မိမိစကား၊ မိမိအမူအကျင့်များ၌ သတိဝီရိယရှိအောင် ကြိုးစားသင့်သည်။ ထို့ပြင် သင်တို့၏ ရည်ရွယ်ချက်များနှင့် အတွေးအခေါ်များကို သေချာစစ်ဆေးသင့်သည်။ သို့မှသာ ၎င်းတို့သည် စည်းမကျော်မိမှာ ဖြစ်သည်။ ဤနောက်ဆုံးသော ကာလ၌ ငါ၏ ရှေ့မှောက်တွင် သင်တို့၏ ချစ်ခြင်းမေတ္တာကို ပေးကမ်းနိုင်ဖို့ အစွမ်းကုန် လုပ်ဆောင်ကြပါ၊ သို့မဟုတ်ပါက ငါ၏အမျက်ဒေါသသည် သင်တို့ထံမှ ဘယ်သောအခါမျှ ဖယ်ခွာသွားလိမ့်မည် မဟုတ်ပေ။