Burmese

ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်

လောက၌ ငါလုပ်ဆောင်သည့် အလုပ်၏ ရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်ကြောင်းကို လူသားများအားလုံး သိဖို့လိုသည်။ ငါ၏ အဆုံးသတ် ရည်ရွယ်ချက်နှင့် ထိုရည်ရွယ်ချက်အတိုင်း ပြီးဆုံးအောင် မလုပ်နိုင်သေးချိန်၌ မည်သည့် အတိုင်းအတာအထိ အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုကြောင်းကိုလည်း လူသားအားလုံး သိဖို့လိုသည်။ လူတို့သည် အသက်တာ၌ ငါနှင့်အတူ ယနေ့တိုင် လျှောက်လှမ်းလျက် နေကြသော်လည်း ငါလုပ်ဆောင်သည့် အလုပ်၏ အဓိက ရည်ရွယ်ချက်ကို နားမလည်လျှင် အသက်တာ၌ ငါနှင့်အတူ လျှောက်လှမ်းခြင်းသည် အလဟဿ ဖြစ်သည် မဟုတ်လော။ ငါ့နောက်သို့ လိုက်သောသူများသည် ငါ့အလိုကို သိသင့်သည်။ ငါသည် လောက၌ အလုပ်လုပ်လျက် ရှိသည်မှာ နှစ်ပေါင်းထောင်ချီ ရှိပြီဖြစ်သည်။

ယနေ့ထက်ထိတိုင်အောင် ငါသည် ဤနည်းလမ်းအတိုင်း ငါ၏အလုပ်ကို ဆက်လက် လုပ်ဆောင်နေသေးသည်။ ငါ့အလုပ်ထဲတွင် ပါဝင်သည့်အရာများမှာ အထူးတလည် များပြားလှသော်လည်း ငါ့အလုပ်၏ ရည်ရွယ်ချက်သည် ယနေ့တိုင် မပြောင်းလဲသေးပါ။ ဥပမာ- ငါသည် လူသားကို တရားစီရင်လိုစိတ်၊ ပြစ်တင်ဆုံးမလိုစိတ်တို့နှင့် ပြည့်နေသော်လည်း လူသားကို စုံလင်စေပြီးသောအခါ၌ ငါသည် သူ့ကို ကယ်တင်ဖို့၊ ငါ၏ သတင်းကောင်းကို ပိုမိုဖြန့်ဝေနိုင်ဖို့နှင့် ငါ၏ လုပ်ငန်းကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံး အကြား၌ ချဲ့ထွင်ဖို့အတွက် ထိုသို့ လုပ်ဆောင်လိုခြင်း ဖြစ်သည်။ ထို့ကြောင့် လူတော်တော်များများက သူတို့၏ မျှော်လင့်ချက်များ၌ ကြီးစွာ စိတ်ပျက်လျက်ရှိသည်မှာ အချိန်အတန်ကြာပြီဖြစ်သည့် ယနေ့ခေတ်အချိန်၌ ငါသည် ငါ၏အလုပ်ကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ လူသားကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်အတွက် လုပ်ရမည့်အလုပ်ကို ငါသည် ဆက်လုပ်လျက်ရှိသည်။ လူသားသည် ငါပြောသည့် စကားကို ငြီးငွေ့နေပြီဖြစ်သော်လည်း၊ ငါ၏အလုပ်၌ ကိုယ်တိုင် ပါဝင်ပတ်သက်လိုစိတ် လုံးဝမရှိသော်လည်း ငါသည် ငါ၏ တာဝန်ကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ငါလုပ်ဆောင်သည့် အလုပ်၏ ရည်ရွယ်ချက် မပြောင်းလဲသည့်အပြင် ငါ၏ မူလ အစီအစဉ်သည်လည်း ပျက်စီးမည် မဟုတ်သောကြောင့် ဖြစ်သည်။ ငါ၏ တရားစီရင်ခြင်းသည် လူသားကို ပိုမို နာခံနိုင်စေဖို့အတွက်ဖြစ်ပြီး ငါ၏ ပြစ်တင်ဆုံးမမှုသည် လူကို ထိထိရောက်ရောက်ပြုပြင်ခြင်း ခံနိုင်စေဖို့ ဖြစ်သည်။ ငါလုပ်ဆောင်သည့်အရာမှာ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက်ဖြစ်သော်လည်း လူသားအတွက် အကျိုးမရှိသည့် အရာတစ်ခုကိုမျှ မလုပ်ဖူးပါ။ အကြောင်းမှာ ငါသည် ဣသရေလနိုင်ငံ၏ ပြင်ပမှ တိုင်းနိုင်ငံ အားလုံးကို ဣသရေလလူမျိုးများကဲ့သို့ပင် နာခံတတ်သူများ ဖြစ်စေလိုသောကြောင့်၊ လူသားစစ်စစ်များ ဖြစ်စေလိုသောကြောင့် ဖြစ်သည်၊ ဣသရေလနိုင်ငံ၏ ပြင်ပ၌ရှိသော နေရာများ၌ ငါခြေကုပ်ယူနိုင်စေဖို့ ဖြစ်သည်။ ယင်းသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ်ဖြစ်သည်၊ ထိုသို့ လုပ်ဆောင်ခြင်းသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ အောင်မြင်အောင် လုပ်ဆောင်နေသော ငါ၏ အလုပ်ဖြစ်သည်။ ယခု ထက်ထိတိုင် လူတော်တော်များများက ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို နားမလည်ကြသေးပေ။ ငါလုပ်ဆောင်နေသော အရာများကို စိတ်မဝင်စားသောကြောင့်၊ သူတို့၏ အနာဂါတ်နှင့် သူတို့၏ ပန်းတိုင်များကိုသာ စိတ်ဝင်စားကြသောကြောင့် ဖြစ်သည်။ ငါအဘယ်အရာပြောပြော သူတို့သည် ငါလုပ်သည့် အလုပ်ကို စိတ်ဝင်စားခြင်း မရှိပေ။ သူတို့၏ အနာဂါတ် ပန်းတိုင်များကိုသာ အာရုံစိုက်နေကြသည်။ ဤသို့ဆက်ဖြစ်နေမည်ဆိုပါက ငါ၏အလုပ်ကို မည်သို့ ချဲ့ထွင်နိုင်မည်နည်း။ ကမ္ဘာအနှံ့ ငါ၏ သတင်းကောင်း မည်သို့ ပျံ့နှံ့နိုင်မည်နည်း။ ငါ၏အလုပ်ကို ချဲ့သောအခါ၌ ငါသည် သင်တို့ကို အရပ်ရပ်သို့ ကွဲပြားစေမည်၊ ဣသရေလလူမျိုးထဲမှ မျိုးနွယ်စုတိုင်းကို ယေဟောဝါက ရိုက်သကဲ့သို့ ငါသည် သင်တို့ကို ရိုက်မည်ဖြစ်ကြောင်းကို သင်တို့ သိသင့်သည်။ ကမ္ဘာတစ်လျှောက်လုံး၌ ငါ၏ သတင်းကောင်း ပျံ့နှံ့စေဖို့အတွက်၊ ငါ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြား၌ ချဲ့ထွင်ဖို့အတွက် ဤအရာများအားလုံးကို ငါလုပ်ဆောင်မည်။ ကလေး၊ လူကြီးများ အားလုံးအကြား၌ ငါ၏အမည် ထင်ရှားစေဖို့၊ ရှိရှိသမျှ လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများအားလုံးမှ လူများ၏ နှုတ်က မြင့်မြတ်သန့်ရှင်းသော ငါ၏အမည်ကို ချီးမြှောက်ကြစေဖို့ဖြစ်သည်။ နောက်ဆုံးသောကာလဖြစ်သည့် ဤကာလ၌ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အမည်ကို လူအများ ချီးမွမ်းစေမည်၊ ငါလုပ်ဆောင်သည့် အရာများကိုလည်း တစ်ပါးအမျိုးသားများ မြင်စေမည်ဖြစ်သည်။ ငါလုပ်ဆောင်သည့် အရာများကြောင့် သူတို့က ငါ့ကို အနန္တတန်ခိုးရှင်ဟု ခေါ်စေရန်၊ ငါပြောခဲ့သည့် စကားများအတိုင်း အမှန်တကယ် ဖြစ်လာစေရန် ထိုသို့ ငါလုပ်ဆောင်မည် ဖြစ်သည်။ ငါသည် ဣသရေလလူမျိုးများ၏ ဘုရားသခင်သာ မဟုတ်ကြောင်း၊ တစ်ပါး အမျိုးသားတို့ တိုင်းနိုင်ငံများအားလုံး၏ ဘုရားသခင်၊ တစ်ချိန်က ငါကျိန်ခဲ့သည့် လူမျိုးများ၏ ဘုရားသခင်လည်း ဖြစ်ကြောင်းကို လူများအားလုံး သိစေမည်။ ငါသည် အရာအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်ဖြစ်ကြောင်းကို လူများအားလုံး မြင်စေမည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ငါ၏အကြီးမြတ်ဆုံး အလုပ်ဖြစ်သည်။ နောက်ဆုံးသောကာလအတွက် ထားရှိသော ငါ၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။ နောက်ဆုံးသော ကာလ၌ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တစ်ခုတည်းသော အလုပ်လည်း ဖြစ်သည်။

ငါနှစ်ပေါင်းထောင်နှင့်ချီ စီမံခန့်ခွဲ လုပ်ဆောင်လာခဲ့သော အလုပ်ကို နောက်ဆုံးသော ကာလ၌သာ လူကို အပြည့်အစုံ ဖော်ပြမည်။ ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ လျှို့ဝှက်နက်နဲမှု အစုံအလင်ကို ငါက လူသားကို ယခုမှ ဖွင့်ပြခြင်းဖြစ်သည်။ ငါလုပ်ဆောင်သည့် အလုပ်၏ ရည်ရွယ်ချက်ကို လူသားက သိပြီး၊ ငါ၏ လျှို့ဝှက်နက်နဲမှုများ အားလုံးကိုလည်း နားလည်ပြီးဖြစ်ပါသည်။ သူစိုးရိမ်နေသည့် သူ၏ ခရီးပန်းတိုင် အကြောင်းကိုလည်း ငါက လူသားကို အားလုံးပြောပြပြီး ဖြစ်သည်။ နှစ်ပေါင်း (၅၉၀၀) ကျော် ဖုံးကွယ်ထားသည့် ငါ၏လျှို့ဝှက်နက်နဲမှုများ အားလုံးကိုလည်း လူသားကို ဖော်ပြပြီးဖြစ်သည်။ ယေဟောဝါက မည်သူနည်း။ မေရှိယက မည်သူနည်း။ ယေရှုက မည်သူနည်း။ ဤမေးခွန်းအားလုံး၏ အဖြေကို သင်တို့ သိသင့်သည်။ ငါ၏အလုပ်သည် ဤအမည်များနှင့် ပတ်သက်သော အလုပ်ဖြစ်သည်။ ထိုအရာကို သင်တို့ နားလည်ပြီလော။ မြင့်မြတ်သန့်ရှင်းသော ငါ၏အမည်ကို မည်သို့မည်ပုံ ကြေညာသင့်သနည်း။ ငါ၏ အမည်တစ်ခုခုအားဖြင့် ငါ့ကို ခေါ်သည့် တိုင်းနိုင်ငံများအကြား၌ ငါ၏ အမည်ကို မည်သို့မည်ပုံ ပျံ့နှံ့စေသင့်သနည်း။ ငါ၏အလုပ်ကို ချဲ့ထွင်နေပြီ ဖြစ်ပြီးသည့်အပြင် ငါလုပ်ဆောင်သည့် အလုပ်ကို ငါသည် တိုင်းနိုင်ငံများအားလုံး အကြား၌ အပြည့်အဝ ပျံ့နှံ့စေမည်ဖြစ်သည်။ သင်တို့၌ ငါ့အလုပ်ကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သောကြောင့် ငါသည် သင်တို့ကို နိုင်ငံတိုင်း နိုင်ငံတိုင်းသို့ ပျံ့နှံ့စေရန်အတွက် ယေဟောဝါက ဣသရေလနိုင်ငံ၌ ဒါဝိဒ်၏ မိသားစုမှ သိုးထိန်းများကို ရိုက်သကဲ့သို့ ငါသည် သင်တို့ကို ရိုက်မည်။ အကြောင်းမှာ နောက်ဆုံးသော ကာလ၌ ငါသည် နိုင်ငံတိုင်း နိုင်ငံတိုင်းကို တစ်စစီ ဖြစ်စေပြီး လူတို့ကို အသစ်တဖန် ပျံ့နှံ့စေမည်။ ငါပြန်လာသောအခါ၌ တိုင်းနိုင်ငံများသည် ငါ၏မီးတောက်များဖြင့် သတ်မှတ်ထားသည့် နယ်နိမိတ်များတစ်လျှောက် ပိုင်းခြားထားပြီး ဖြစ်လိမ့်မည်။ ထိုအချိန်၌ လူသားများအား ငါသည် ခြစ်ခြစ်တောက်ပူသော နေအဖြစ် ကိုယ့်ကိုယ်ကို အသစ်တဖန် ဖော်ပြမည်၊ သူတို့ အရင်က တစ်ခါမျှ မမြင်ဖူးသည့် မြင့်မြတ်သန့်ရှင်းသော သူအဖြစ် ကိုယ့်ကိုယ်ကိုယ် ထင်ထင်ရှားရှား ဖော်ပြမည်၊ ငါယေဟောဝါက ယုဒမျိုးနွယ်များ အကြား၌ တစ်ချိန်က လမ်းလျှောက်ခဲ့သလို လူအမျိုးမျိုး အစုစုတို့၏ တိုင်းနိုင်ငံများအကြား၌ ငါလျှောက်မည်။ ထိုအချိန်မှစ၍ ငါသည် ကမ္ဘာပေါ်၌ လူသားများ၏ အသက်တာကို ဦးဆောင်လမ်းပြမည်။ ထိုနေရာ၌ သူတို့သည် ငါ၏ ဘုန်းအသရေကို သေချာပေါက် မြင်လိမ့်မည်၊ သူတို့၏ အသက်တာ၌ လမ်းပြမည့် လေထုထဲမှ မိုးတိမ်တိုင်ကိုလည်း သေချာပေါက် မြင်လိမ့်မည်။ အကြောင်းမှာ မြင့်မြတ်သန့်ရှင်းသော နေရာများ၌ ငါသည် ကိုယ့်ကိုယ်ကိုယ် ဖော်ပြမည် ဖြစ်သောကြောင့် ဖြစ်သည်။ လူသားသည် ငါ၏ ဖြောင့်မတ်ခြင်း နေ့ရက်ကို မြင်တွေ့လိမ့်မည်။ ဘုန်းကြီးသော ငါ၏အသွင်သဏ္ဌာန်ကိုလည်း မြင်လိမ့်မည်။ တစ်လောကလုံးကို ငါအုပ်စိုးသောအချိန်၌၊ ငါ့သားများကို ငါ၏ ဘုန်းအသရေထဲသို့ ခေါ်ဆောင်လာသည့် အချိန်၌ ထိုသို့ ဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိ နေရာတိုင်း၌ လူတို့သည် ပျပ်ဝပ်ကြလိမ့်မည်။ ယနေ့ငါလုပ်ဆောင်နေသော အလုပ်၏ ကျောက်ပေါ်တွင် ငါ၏ တဲတော်ကို လူသားများအကြား၌ ခိုင်မြဲစွာ တည်ထားမည်။ လူသားတို့သည်လည်း ငါ့ကို ဗိမ္မာန်တော်၌ အစေခံ ကြလိမ့်မည်။ ညစ်ညမ်းပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အရာများနှင့် ပြည့်နေသည့် ယဇ်ပလ္လင်ကိုလည်း ငါသည် တစ်စစီဖြစ်အောင် ဖျက်ဆီးပြီး အသစ်ပြန်လည် တည်ဆောက်မည်။ သိုးသားပေါက်များ၊ နွားသားပေါက်များသည် မြင့်မြတ်သန့်ရှင်းသော ယဇ်ပလ္လင်ပေါ်၌ ပုံနေလိမ့်မည်။ ငါသည် ယနေ့ခေတ်ဗိမ္မာန်တော်ကို ဖြိုချပြီး ဗိမ္မာန်တော်ကိုတော်သစ်ကို ဆောက်မည်။ စက်ဆုပ်ဖွယ်ကောင်းသော လူများနှင့် ပြည့်နေသည့် ယနေ့တွေ့ရသည့် ဗိမ္မာန်တော်သည် ပြိုလိမ့်မည်။ ငါတည်ဆောက်သောဗိမ္မာန်တော်သစ်သည် ငါ့အပေါ်သစ္စာရှိသော အစေခံများနှင့် ပြည့်နေလိမ့်မည်။ ငါ၏ ဗိမ္မာန်တော်၏ ဘုန်းအသရေအတွက် သူတို့သည် တစ်ဖန်ထပြီး ငါ့ကို အစေခံကြလိမ့်မည်။ ကြီးမားသော ဘုန်းအသရေကို ငါလက်ခံရရှိသော နေ့ကို သင်တို့ သေချာပေါက် မြင်လိမ့်မည်။ ဗိမ္မာန်တော်ကို ဖြိုချပြီး အသစ်ပြန်လည် တည်ဆောက်သည့် နေ့ကိုလည်း သင်တို့ သေချာပေါက် မြင်လိမ့်မည်။ လူသားတို့၏ ကမ္ဘာသို့ ငါ၏တဲတော် ရောက်လာသည်ကိုလည်း သင်တို့ သေချာပေါက် မြင်တွေ့ကြလိမ့်မည်။ ငါသည် ဗိမ္မာန်တော်ကို ဖြိုသောအချိန်၌ လူသားတို့၏ ကမ္ဘာသို့ ငါ၏ တဲတော်ကိုလည်း ယူဆောင်လာမည်။ ထိုမြင်ကွင်းသည် ငါကြွဆင်းလာသည်ကို လူသားတို့ မြင်သကဲ့သို့ ဖြစ်လိမ့်မည်။ ငါသည် တိုင်းနိုင်ငံအားလုံးကို ဖျက်ဆီးပြီးနောက် လူမျိုး အသီးသီးကို အသစ်တဖန် စုစည်းပြီးနောက် ငါ၏ဗိမ္မာန်တော်ကို တည်ဆောက်မည်၊ ငါ၏ ယဇ်ပလ္လင်ကို တည်မည်။ လူသားများအားလုံး ပူဇော်သက္ကာများကို ငါ့ထံဆပ်ကပ်နိုင်ဖို့၊ ငါ၏ ဗိမ္မာန်တော်၌ ငါ့ကို အစေခံနိုင်ဖို့၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ၌ ငါ၏အလုပ်အတွက် သူတို့ကိုယ်ကို လုံးလုံးလျားလျား သစ္စာရှိစွာ ပေးအပ်အစေခံနိုင်စေဖို့ ဖြစ်သည်။ သူတို့သည် ယနေ့ခေတ် ဣသရေလ လူမျိုးများကဲ့သို့ ဖြစ်လိမ့်မည်၊ သူတို့သည် ယဇ်ပုရောဟိတ် ဝတ်ရုံကို ဝတ်ပြီး သရဖူကို ဆောင်းထားလိမ့်မည်၊ သူတို့အကြား၌ ငါ ယေဟောဝါ၏ ဘုန်းတန်ခိုးသည်လည်း ရှိနေလိမ့်မည်။ ငါ၏ ကြီးမြတ်သော ဘုန်းတန်ခိုးသည် သူတို့အပေါ်၌သာမက သူတို့ အကြား၌လည်း ရှိနေလိမ့်မည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ၌လည်း ငါသည် ဤသို့ လုပ်ဆောင်မည် ဖြစ်သည်။ ဣသရေလနိုင်ငံအကြား၌ ငါလုပ်ဆောင်ခဲ့သကဲ့သို့၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌လည်း ငါလုပ်ဆောင်မည် ဖြစ်သည်။ အကြောင်းမှာ ငါသည် ဣသရေလနိုင်ငံ၌ ငါ၏အလုပ်ကို ချဲ့ထွင်ပြီး တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထံ ပျံ့နှံ့စေမည့်အတွက်ကြောင့် ဖြစ်သည်။

ဤအချိန်သည် ကြီးမားသော အမှုများကို ငါ၏ဝိညာဉ်က လုပ်ဆောင်နေချိန် ဖြစ်သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အလုပ်ကို စတင်လုပ်ဆောင်နေချိန် ဖြစ်သည်။ ထို့အပြင် ဤအချိန်သည် ငါဖန်ဆင်းထားသူများ အားလုံးကို တစ်ဦးချင်း သက်ဆိုင်ရာ အုပ်စုအလိုက် ခွဲခြားနေချိန် ဖြစ်သည်။ ငါ၏ အလုပ် လျင်လျင်မြန်မြန်နှင့် ထိထိရောက်ရောက် ရှေ့ဆက်နိုင်ရန်အတွက် ထိုသို့လုပ်ဆောင်ခြင်းဖြစ်သည်။ ငါသင်တို့ဆီမှ တောင်းဆိုနေသည်မှာ ငါ၏အလုပ်အားလုံးအတွက် သင်တို့ကိုယ်ကိုသာမက ရှိရှိသမျှကို ဆက်ကပ်ဖို့ ဖြစ်သည်။ ထို့အပြင် သင်၌ ငါလုပ်ဆောင်ခဲ့သမျှကို သင်သည် ရှင်းရှင်းလင်းလင်း ထိုးထွင်းနားလည်ကာ သေသေချာချာ သိသင့်သည်။ ငါ့အလုပ် ပိုမိုထိရောက်စေရန်အတွက် သင်သည် သင့်ခွန်အား အားလုံးကို အသုံးပြုသင့်သည်။ ဤအချက်ကို သင်နားလည်ရမည်။ အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ နောက်ကြောင်းပြန်လှည့်ဖို့ လမ်းကို ရှာဖွေခြင်း၊ ကာမဂုဏ်၌ ပျော်မွေ့ဖို့ ကြိုးစားခြင်းကို ရှောင်ကြလော့။ ငါ၏အလုပ်ကို နှောင့်နှေးစေသည့်အပြင် သင်၏ အံ့သြဖွယ် အနာဂါတ်ကို ပျက်စီးစေနိုင်သည့် အရာများဖြစ်သည်။ ထိုအရာများကို လုပ်ဆောင်ခြင်းသည် သင့်ကို အကာအကွယ် လုံးဝမပေးနိုင်သည့်အပြင် သင့်ကို ပျက်စီးစေမည် ဖြစ်သည်။ ထိုအရာများကို လုပ်ဆောင်ခြင်းသည် မိုက်မဲခြင်းပင် ဖြစ်သည် မဟုတ်လော။ ယနေ့ သင်လောဘတကြီး မွေ့လျော်နေသော အရာများသည် အနာဂါတ်၌ သင့်ကို ဖျက်ဆီးမည့်အရာများ ဖြစ်ပြီး ယနေ့သင် ခံစားနေသည့် နာကျင်မှုသည် သင့်ကို အကာအကွယ်ပေးနေသည့် အရာပင် ဖြစ်သည်။ ဤအရာများကို သင် ရှင်းရှင်းလင်းလင်း သိဖို့လိုသည်။ သို့မှသာ နေကို ကွယ်ထားသည့် ထူထပ်လှသော မြူများကြား၌ သွားနေရသကဲ့သို့ ရုန်းထွက်ဖို့ ခက်သည့် ဖြားယောင်းသွေးဆောင်မှုများကို သင်တို့ ရှောင်ရှားနိုင်မည် ဖြစ်သည်။ မြူထူများ မရှိတော့သောအခါမှ တရားစီရင်သည့် အထူးနေ့၌ သင်တရားစီရင်ခြင်း ခံနေရသည်ကို သင်တွေ့မည် ဖြစ်သည်။ ထိုအချိန်သည် လူသားများအတွက် ငါ၏ နေ့ရက် ရောက်နေပြီးဖြစ်သည့် အချိန် ဖြစ်လိမ့်မည်။ ငါ၏တရားစီရင်မှုမှ သင်မည်သို့ လွတ်မြောက်မည်နည်း။ ခြစ်ခြစ်တောက်ပူသည့် နေ၏ဒဏ်ကို သင်မည်သို့ ခံနိုင်မည်နည်း။ ငါ၌ အလျှံပယ် ကြွယ်ဝခြင်းအား လူသားကို ပေးသောအခါ၌ သူသည် ငါပေးသည့်အရာများကို မြတ်မြတ်နိုးနိုး ရင်ဝယ်ပိုက်ထားခြင်း မရှိဘဲ၊ မည်သူမျှ သတိမထားမိမည့် နေရာ၌ ပစ်ထားခဲ့သည်။ ငါ၏ နေ့ရက် ရောက်သော အခါ၌ လူသားသည် ငါ၌ အလျှံပယ် ကြွယ်ဝခြင်းကို လည်းကောင်း၊ တစ်ချိန်က သူ့ကို ငါပြောခဲ့သည့် ခါးသီးဖွယ် သမ္မာတရား စကားကို လည်းကောင်း ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်။ လူသည် အလင်း၏ တောက်ပမှုကို ဆုံးရှုံးပြီး အမှောင်ထဲသို့ ကျသောကြောင့် သူသည် ငိုကြွေးမြည်တမ်းမည်။ သင်တို့ ယနေ့တွေ့ရသော အရာများသည် ငါ၏နှုတ်မှ ထက်သော ဓားကိုသာ မြင်ခြင်းဖြစ်သည်။ ငါ၏လက်ထဲ၌ရှိသော တုတ်ကိုသော်လည်းကောင်း လူကို လောင်ကျွမ်းစေသည့် မီးကိုသော်လည်းကောင်း သင်တို့ မမြင်ရသေးပေ။ ထို့ကြောင့် သင်တို့သည် ငါ၏ ရှေ့မှောက်၌ မောက်မာနေဆဲ၊ ကာမဂုဏ်၌ လွန်ကျူးနေဆဲ ဖြစ်သည်။ ထို့ကြောင့် ငါ၏ အိမ်တော်၌ သင်တို့သည် ငါ့ကို တိုက်ခိုက်နေဆဲ ငါ့နှုတ်ဖြင့် မြွက်ခဲ့သည့်အရာကို လူသား၏လျှာကိုသုံးပြီး အငြင်းပွားနေဆဲဖြစ်သည်။ လူသည် ငါ့ကို ကြောက်ရွံ့ခြင်းမရှိ၊ ယနေ့တိုင်ငါ့ကို ရန်တွေ့နေသော်လည်း သူသည် ကြောက်ရွံ့ခြင်း လုံးဝမရှိပေ။ သင်တို့၏ နှုတ်များ၌ မဖြောင့်မတ်သော လျှာများ၊ သွားများသာ ရှိကြပြီး သင်တို့၏ စကားများနှင့် လုပ်ဆောင်သော အရာများသည်လည်း ဧဝကို အပြစ်လုပ်အောင် သွေးဆောင်ခဲ့သည့် မြွေ၏ လုပ်ရပ်များကဲ့သို့ ဖြစ်သည်။ သင်တို့သည် တစ်ယောက်ကို တစ်ယောက် မျက်လုံးတစ်လုံးဖျက်လျှင် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းချိုးလျှင် သွားတစ်ချောင်းဆိုပြီး အစားလျော်စေသည်။ ကိုယ့်သွားချိုးခြင်းကို ခံဖို့တောင်းဆို ကြသည်။ ငါ၏ မျက်မှောက်၌ နေရာရဖို့၊ ကျော်ကြားဖို့၊ အမြတ်ရဖို့အတွက် သင်တို့သည် တစ်ယောက်ထံမှ တစ်ယောက်က လုယူကြသည်။ သင်တို့ ပြောသောစကားများနှင့် သင်တို့၏ လုပ်ရပ်များကို ငါတိတ်တဆိတ် စောင့်ကြည့်နေကြောင်းကို သင်တို့ မသိကြ။ သင်တို့ ငါ့မျက်မှောက်သို့ မလာခင်၌ပင် ငါသည် သင်တို့နှလုံးသား အောက်ခြေအထိတိုင်အောင် တိုင်းထွာပြီး ဖြစ်သည်။ လူသားသည် အစဉ်သဖြင့် ငါ့လက်မှ ရုန်းထွက်လိုကြပြီး ငါ၏ မျက်စိအောက်မှလည်း ရှောင်ထွက်လိုကြသည်။ သို့သော် ငါမူကား သူပြောသောစကားများနှင့် သူလုပ်သော အရာများကို တစ်ကြိမ်တစ်ခါမျှ မရှောင်ခဲ့ပေ။ ထိုအစား လူသား၏ မဖြောင့်မတ်မှုကို ပြစ်တင်ဆုံးမပြီး ငါ့အား ပုန်ကန်ခြင်းကို တရားစီရင်ရန်အတွက် သူပြောသောစကားများနှင့် သူလုပ်သော အရာများကို ငါ့မျက်စိရှေ့၌ ရည်ရွယ်ချက်ရှိရှိ ထားရှိစေခဲ့သည်။ ထို့ကြောင့် သူလျှို့ဝှက်စွာ ပြောဆိုခဲ့သည့် စကားနှင့် လျှို့ဝှက်စွာ လုပ်ခဲ့သည့် အရာများသည် ငါ၏ တရားစီရင်သည့် ပလ္လင်ရှေ့၌ အစဉ် ရှိနေသည်။ လူသား၏ ပုန်ကန်မှုသည် လွန်ကဲလှသောကြောင့် ငါ၏ တရားစီရင်သည့် ပလ္လင်သည် လူရှေ့၌ အမြဲ ရှိနေသည်။ ငါ၏ ဝိညာဉ်ရှေ့၌ လူသား ပြောဆိုခဲ့သည့်စကားများ၊ လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များကို လောင်ကျွမ်းစေပြီး သန့်ရှင်းစေဖို့သည် ငါ၏အလုပ် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် လောကမှ ငါထွက်ခွာသောအခါ လူတို့သည် ငါ့အပေါ် ဆက်လက် သစ္စာရှိနေမည် ဖြစ်သည်။ ငါ၏အလုပ်အတွက် မြင့်မြတ် သန့်ရှင်းသော ငါ၏အစေခံများ လုပ်ဆောင်သကဲ့သို့ ငါ့ကို ဆက်လက် အစေခံမည်ဖြစ်သည်။ လောက၌ လုပ်ဆောင်လျက်ရှိသော ငါ၏အလုပ် ပြီးသည့်နေ့ ရောက်သည်အထိ ငါ၏ အလုပ်ဆက်နေစေရန် ထိုသို့ လုပ်ဆောင်ကြမည် ဖြစ်သည်။