Burmese

ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ

ဘုရားသခင်က လူကိုစုံလင်စေသော လမ်းကြောင်းဆိုသည်မှာ အဘယ်နည်း။ အဘယ်ရှုထောင့်များ ပါဝင်သနည်း။ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်သူ ဖြစ်လာရန် သင်အလိုရှိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် သင်အလိုရှိသလော။ ဤမေးခွန်းများ အကြောင်းကို သင်ဘာသိသနည်း။ ထိုသို့သော အသိတရားပညာကို သင်မပြောနိုင်လျှင်၊ သင်သည် ဘုရားသခင်၏ အလုပ်ကို မသိသေးကြောင်းနှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အသိဉာဏ် ပွင့်လင်းခြင်းကို လုံးဝမခံယူ ရသေးကြောင်းကို ဖော်ပြသည်။ ထိုကဲ့သို့သော လူမျိုးကို ပြီးပြည့်စုံလင်စေ၍ မရနိုင်ပါ။ သူတို့သည် ခေတ္တအချိန်အတွက် ကျေးဇူးတော် ပမာဏအနည်းငယ်ကိုသာ ခံယူနိုင်လျက် ရေရှည်အတွက်ဆိုပါက မထိန်းသိမ်းနိုင်ကြပေ။

လူတစ်ယောက်သည် ဘုရားသခင်၏ ကျေးဇူးတော်၌သာ မွေ့လျော်လျှင် ထိုသူသည် ဘုရားသခင် ပြီးပြည့်စုံလင်စေသူ မဖြစ်နိုင်ပါ။ အချို့မှာ ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုတွင် ကျေနပ်ကောင်း ကျေနပ်ကြမည်။ ဒုက္ခ သို့မဟုတ် ကံဆိုးခြင်းကင်းသော သောကမဲ့သည့်ဘဝ၊ မိသားစုခိုက်ရန်ဖြစ်ခြင်း သို့မဟုတ် စကားများခြင်းကင်းသော ငြိမ်သက်ခြင်း၌ အသက်ရှင်ရာတွင် ကျေနပ်ကောင်း ကျေနပ်ကြမည်။ ယင်းသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာဟူ၍ပင် သူတို့မှာ ယုံကြည်ကောင်း ယုံကြည်ကြမည်။ သို့သော် အမှန်တွင်မူ ၎င်းမှာ ဘုရားသခင်၏ ကျေးဇူးတော် သက်သက်မျှသာ ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ ပျော်မွေ့နေခြင်းကို ကျေနပ်နေ၍ မရနိုင်ပါ။ ထိုသို့သော တွေးခေါ်ခြင်းသည် အလွန်ပင် အောက်တန်း ကျလွန်းသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ်ဖတ်ရှုပြီး၊ နေ့စဉ်ဆုတောင်းလျက်၊ သင့်ဝိညာဉ်က တစ်စုံတစ်ရာသော ပျော်ရွှင်မှုနှင့် ငြိမ်သက်ခြင်းကို ခံစားရလျှင်ပင်၊ အဆုံးမှာ ဘုရားသခင်၏ ပညာတရားနှင့် ဘုရားသခင်၏အလုပ်ကို သင်မပြောနိုင်ပါက၊ သို့မဟုတ် ထိုသို့သော အတွေ့အကြုံမရှိပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မည်မျှပင်စားသုံးပြီး၊ သောက်သုံးခဲ့ပါစေ၊ သင့်ဝိညာဉ်၌ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းသက်သက် ခံစားရလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အနှိုင်းမဲ့ ချိုမြိန်သည်ဟု ခံစားရပြီး၊ နှုတ်ကပတ်တော်၌ ပျော်မွေ့မခန်းသဖွယ် ရှိလည်းဘဲ၊ ကိုယ်တွေ့အမှန်အကန်မရှိ၊ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားကိုလည်း မရှိပါက၊ ယင်းသို့သော ဘုရားသခင်ကို ယုံကြည်ခြင်းမျိုးမှ ဘယ်အရာကို သင်ရရှိနိုင်သနည်း။ သင်သည် ဘုရားသခင်နှုတ်ကပတ်တော်၏ အနှစ်သာရအတိုင်း အသက်မရှင်နိုင်လျှင်၊ သင်၏စားသုံးခြင်း၊ သောက်သုံးခြင်းနှင့် ဆုတောင်းခြင်းများသည် ဘာသာရေးနှင့်သာ လုံးဝသက်ဆိုင်သည်။ ထို့ကြောင့် ယင်းကဲ့သို့သော လူသည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်သူ မဖြစ်နိုင်၊ ဘုရားသခင်၏ သိမ်းပိုက်ရရှိခြင်းလည်း မခံရနိုင်။ ဘုရားသခင်၏ ရရှိခြင်းခံရသူတို့သည် သမ္မာတရားကို လိုက်လျှောက်သော သူများဖြစ်ကြ၏။ ဘုရားသခင် ရရှိသော အရာမှာ လူ၏ ဇာတိပကတိလည်းမဟုတ်၊ လူ၏ပိုင်ဆိုင်မှုများလည်း မဟုတ်ပဲ၊ လူအထဲက ဘုရားသခင်ပိုင်ဆိုင်သော အစိတ်အပိုင်းကိုသာ ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်က လူ၏ဇာတိပကတိကို ပြီးပြည့်စုံလင်စေခြင်း မဟုတ်ဘဲ သူ့စိတ်နှလုံးကိုသာ ပြီးပြည့်စုံလင်စေခြင်း ဖြစ်သည်ဟု ငါပြောရခြင်း ဖြစ်သည်၊ သို့မှသာလျှင် ဘုရားသခင်က လူ၏စိတ်နှလုံးကို ရရှိပါမည်။ တစ်နည်းဆိုလျှင် ဘုရားသခင်က လူကို ပြီးပြည့်စုံလင်စေသည်ဟူသော စကား၏အနှစ်မှာ လူ၏စိတ်နှလုံးသည် ဘုရားသခင်ထံလာ၍ ဘုရားသခင်ကို ချစ်မည်အကြောင်း ဘုရားသခင်က လူ၏စိတ်နှလုံးကို ပြီးပြည့်စုံလင်စေသည်ဟူ၍ ဖြစ်သည်။

လူ့ဇာတိပကတိသည် သေမျိုးဖြစ်သည်။ လူ၏ ဇာတိပကတိကို ရရှိခြင်းမှာ ဘုရားသခင်အတွက် မည်သည့် အကျိုးအမြတ်ကိုမျှ မပေးပေ။ အကြောင်းမှာ ၎င်းသည် ရှောင်လွဲမရ ပျက်စီးအပ်သောအရာ ဖြစ်သောကြောင့်တည်း။ ၎င်းသည် ဘုရားသခင်၏ အမွေဥစ္စာ သို့မဟုတ် ကောင်းချီးမင်္ဂလာများကို လက်မခံနိုင်။ အကယ်၍ ဘုရားသခင်က လူ့ဇာတိပကတိကိုသာ ရရှိပြီး၊ ဤရေစီးကြောင်းထဲတွင် လူ၏ဇာတိပကတိကို တည်မြဲစေလျှင်၊ လူသည် ယင်းရေစီးကြောင်းထဲတွင် အမည်သာ ရှိနေမည်ဖြစ်ပြီး၊ လူ့စိတ်နှလုံးမှာတော့ စာတန်ဥစ္စာ ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် လူသည် ဘုရားသခင်၏ ဖော်ပြချက် ဖြစ်မလာနိုင်သည်သာမက၊ ထိုအစား သူ၏ ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မည်။ ထိုသို့ဖြင့် ဘုရားသခင် ရွေးကောက်သော လူများဆိုသည်မှာ အဓိပ္ပာယ် ကင်းမဲ့သွားလိမ့်မည်။ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်လတံ့သော သူတို့သည် သူ၏ ကောင်းချီးမင်္ဂလာများနှင့် အမွေအနှစ်ကို ရရှိမည့်သူများ ဖြစ်ကြ၏။ ဆိုလိုသည်မှာ သူတို့က ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ခံယူကြကာ၊ ထိုအရာသည် သူတို့အထဲတွင် ရှိသောအရာများ ဖြစ်လာ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးသည် သူတို့၏အထဲတွင် ပြုပြင်ပုံသွင်းသည်။ ဘုရားသခင်၏ ဖြစ်ခြင်းမှာ မည်သို့ပင်ဖြစ်ပါစေ၊ သူဖြစ်သည့်အတိုင်းကို သင်တို့သည် တိတိကျကျ ရရှိနိုင်သည်။ ထိုသို့ သမ္မာတရားနှင့်အတူ အသက်ရှင်ကြသည်။ ဤလူမျိုးသည်ပင်လျှင် ဘုရားသခင် စုံလင်စေသူ၊ ရရှိသောသူဖြစ်၏။ ယင်းကဲ့သို့သော လူသာလျှင် ဘုရားသခင် ပေးအပ်သည့် အောက်ပါ ကောင်းချီးမင်္ဂလာများကို အမွေခံဖို့ရန် အရည်အချင်းပြည့်မီကြသည်။

၁။ အလုံးစုံသော ဘုရားသခင်မေတ္တာရခြင်း။
၂။ အရာရာ၌ ဘုရားသခင်အလိုနှင့်အညီ လုပ်ဆောင်ခြင်း။
၃။ ဘုရားသခင်လမ်းပြမှု ရရှိခြင်း၊ ဘုရားသခင်၏ အလင်းထဲ အသက်ရှင်ခြင်းနှင့် ဘုရားသခင်၏ ဉာဏ်ပညာအလင်း ဖွင့်ပြခံရခြင်း။
၄။ မြေကြီးပေါ်တွင် ဘုရားသခင်ချစ်သော ပုံသဏ္ဌာန်နှင့် တစ်ထပ်တည်း အသက်ရှင်ခြင်း၊ ဘုရားသခင်အတွက် ကားတိုင်၌ ကွပ်မျက်ခံလျက် ဘုရားသခင်မေတ္တာအတွက် ပြန်ပေးဆပ် အသေခံဝံ့သော ပေတရုကဲ့သို့ ဘုရားသခင်ကို အမှန်အကန်ချစ်ခြင်း။ ပေတရုကဲ့သို့ ဘုန်းအသရေ ထပ်တူ ပိုင်ဆိုင်ခြင်း။
၅။ ကမ္ဘာပေါ်မှ လူအပေါင်းတို့၏ ချစ်ခင်နှစ်သက်ခံရခြင်း၊ လေးစားခံရခြင်းနှင့် ရိုသေခံရခြင်း။
၆။ မရဏာနှင့် မရဏနိုင်ငံ၏ ချည်နှောင်ခြင်း ဟူသမျှကို အောင်မြင်ခြင်း၊ စာတန်၏ အလုပ်ကို အခွင့်မပေးခြင်း၊ ဘုရားသခင်၏ ပိုင်ဆိုင်မှုခံရခြင်း၊ လန်းဆန်း ရှင်သန်သော ဝိညာဉ်နှင့်အတူ အသက်ရှင်ခြင်း၊ စိတ်ပူပန်မှု ခံစားချက်များ ကင်းဝေးခြင်း။
၇။ ဘုရားသခင်၏ ဘုန်းတော်နေ့ရက် ကြွလာခြင်းကို ရှုမြင်ပြီးသည့်သဖွယ်၊ ဘဝတစ်လျှောက်တွင် အချိန်တိုင်း၌ နှုတ်မြွက်မမီသော ပီတိနှင့် စိတ်တက်ကြွမှုရှိခြင်း။
၈။ ဘုရားသခင်နှင့်အတူ ဘုန်းတော်ရရှိခြင်း၊ ဘုရားသခင်ချစ်သော သန့်ရှင်းသူတို့နှင့် ထပ်တူညီမျှ မျက်နှာရခြင်း။
၉။ မြေကြီးပေါ်က ဘုရားသခင်ချစ်မြတ်နိုးသူ ဖြစ်လာခြင်း၊ ဆိုလိုသည်မှာ ဘုရားသခင်နှစ်သက် မြတ်နိုးသော သားဖြစ်လာခြင်း။
၁၀။ အသွင်ပြောင်းကာ တတိယကောင်းကင်သို့ ဘုရားသခင်နှင့်အတူ ကြွသွားခြင်း၊ ဇာတိပကတိကို ကျော်လွန်ခြင်း။

ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို အမွေခံနိုင်သော သူတို့သာလျှင် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်ခံရ၍ ဘုရားသခင်၏ ရရှိခြင်း ခံရသူတို့ပင်ဖြစ်ကြ၏။ သင်သည် တစ်စုံတစ်ရာကို ရရှိပြီးပြီလော။ ဘုရားသခင်က သင့်ကို အဘယ်အတိုင်းအတာထိ ပြီးပြည့်စုံလင်စေခဲ့သနည်း။ ဘုရားသခင်က လူကို ကြုံရာကျပန်း ပြီးပြည့်စုံလင်စေသည် မဟုတ်။ လူမြင်တွေ့နိုင်သော အခြေအနေများနှင့် မြင်သာသော ရလဒ်များရှိသည်။ ၎င်းသည် လူမှ ယုံကြည်သကဲ့သို့ မဟုတ်ပေ၊ ဘုရားသခင်ကို လူက ယုံကြည်နေသရွေ့၊ လူသည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်ခြင်းခံနိုင်၍ ဘုရားသခင်၏ ရရှိခြင်းခံရနိုင်ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် အမွေဥစ္စာများကို ဤလောကတွင် ရရှိနိုင်သည်။ ယင်းသည် အလွန်တရာမှပင် ခက်ခဲသော အမှုဖြစ်ကာ၊ အသွင်ပြောင်းခြင်းနှင့် ပတ်သက်လာပါက သာ၍ခဲယဉ်းသည့် အမှုဖြစ်သည်။ လက်ရှိအချိန်တွင် သင်တို့ ရှာဖွေသင့်သည့် အခြေခံကျဆုံးသော အရာမှာ၊ အရာရာ၌ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်ခြင်း ရှိရန်ဖြစ်ပြီး လူအပေါင်းတို့အားဖြင့်၊ အမှုကိစ္စဟူသမျှနှင့် သင်တွေ့ကြုံသည့် အရာခပ်သိမ်းအားဖြင့်၊ ဘုရားသခင်ကြောင့် ပြီးပြည့်စုံလင်ခြင်းရှိရန် ဖြစ်သည်။ ထိုသို့ဖြင့် သင်တို့အထဲတွင် သာ၍များပြားသည့် ဘုရားသခင်၏ဖြစ်ခြင်းသည် ပေါင်းစည်းလာမည်။ ဘုရားသခင်ထံမှ သာ၍ကြီးမားသော ကောင်းချီးမင်္ဂလာများ အမွေခံရန် သင်တို့သည် အရည်အချင်းမပြည့်စုံမီ၊ ဘုရားသခင်၏ အမွေဥစ္စာကို မြေကြီးပေါ်တွင် သင်တို့ အရင်ရရှိရမည်။ ထိုအရာများ အားလုံးသည် သင်တို့က ရှေးဦးစွာ ရှာဖွေ၊ နားလည်သင့်သည့် အရာများ ဖြစ်သည်။ ဘုရားသခင်အားဖြင့် အရာရာ၌ ပြီးပြည့်စုံလင်ခြင်းကို သင်ကရှာလေ၊ အရာရာ၌ ဘုရားသခင်၏လက်ရာကို သင်ကမြင်လေဖြစ်မည်။ ဤနည်းဖြင့် နှုတ်ကပတ်တော်၏ ဖြစ်ခြင်းနှင့် သူ့နှုတ်ကပတ်တော်၏ အဖြစ်မှန်သို့ ဝင်နိုင်ရန် ရှုထောင့်အမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုး မှတစ်ဆင့် အားတက်သရော သင်ရှာဖွေလာသည်။ ဒုစရိုက်အပြစ်များ မကျူးလွန်ခြင်း၊ သို့မဟုတ် အယူအဆများ မရှိဘဲနေခြင်း၊ လူ့ဘဝဒဿန မရှိခြင်းနှင့် လူ့အလိုဆန္ဒ မရှိဘဲနေခြင်းစသည့် အနုတ်ဆောင်သော အရာသက်သက်နှင့် သင်သည် ကျေနပ်နေ၍ မရပါ။ ဘုရားသခင်က လူကို နည်းလမ်းမျိုးစုံဖြင့် ပြီးပြည့်စုံလင်စေကာ၊ ရလဒ်အနေနှင့် ခပ်သိမ်းသော ကိစ္စရပ်များသည် သင့်အတွက် ပြီးပြည့်စုံစေသည့် အရာများ ဖြစ်နိုင်ပေသည်။ အပေါင်းလက္ခဏာ ဆောင်ခြင်း၌သာမက၊ အနုတ်လက္ခဏာ ဆောင်ခြင်း၌ပင်လျှင် သင့်ကို ကြွယ်ဝစေနိုင်သည့်တိုင် ပြီးပြည့်စုံလင်စေနိုင်သည်။ နေ့ရက်စဉ်တိုင်း ပြီးပြည့်စုံလင်ရာ အခွင့်ရှိပြီး၊ ဘုရားသခင်၏ ရရှိခြင်းခံရန် အချိန်လည်းရှိသည်။ ထိုသို့သောအရာကို ကြုံတွေ့သည့် ကာလနောက်တွင် သင်၌ ကြီးမားစွာ ပြောင်းလဲခြင်း ရှိလာလိမ့်မည်။ ယခုတွင်တော့ သင်သည် ယခင်က နားမလည်ခဲ့သော အရာများစွာကို အားစိုက်မထုတ်ရဘဲနှင့် ထိုးထွင်းသိမြင်ခြင်း ရရှိလာနိုင်မည် ဖြစ်သည်၊ သူတစ်ပါးက သင့်ကို သင်ပေးနေစရာမလိုဘဲ၊ မသိလိုက်ဘဲနှင့်၊ သင်သည် ဘုရားသခင်၏ အသိဉာဏ် ပွင့်လင်းစေခြင်းကို ခံရလိမ့်မည်၊ ထိုသို့အားဖြင့် အရာရာ၌ အသိဉာဏ် ပွင့်လင်းခြင်း ရှိလာကာ၊ သင်၏ အတွေ့အကြုံ အားလုံးသည်လည်း အသေးစိတ်ကျပေလိမ့်မည်။ ဘုရားသခင်က သင့်ကိုလမ်းပြ၍ သင်သည် မည်သည့်ဘက်သို့မှ သွေဖည်မသွားရ။ ထို့နောက် သင်သည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်ခြင်း လမ်းပေါ်တွင် ရပ်တည်ရလိမ့်မည်။

ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်ခြင်းဟူသည် နှုတ်ကပတ်တော်ကို စားသုံးခြင်း၊ သောက်သုံးခြင်းမှရသော ပြီးပြည့်စုံလင်ခြင်း၏ ကန့်သတ်ကျဉ်းချုပ်နိုင်သော အရာမဟုတ်။ ယင်းအဖြစ်မျိုးသည် တစ်ဖက်သတ် ဆန်လွန်းကာ၊ အားလုံးကို လုံလောက်စွာ ခြုံငုံမှုမရှိပေ၊ ၎င်းသည် လူကို အလွန်သေးငယ်သော နယ်ပယ်တစ်ခုထဲတွင် ကန့်သတ်ခြင်းဖြစ်၏။ ဤအမှုတွင် လူက များစွာသော ဝိညာဉ်ရေးခွန်အား လိုအပ်ချက်တို့ ချို့တဲ့နေသည်။ သင်တို့သည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်မှုရှိရန် ဆန္ဒရှိလျှင် ခပ်သိမ်းသောအရာ၌ အတွေ့အကြုံ ယူတတ်ရန် သင်ယူရမည်ဖြစ်ပြီး၊ သင်တို့ ရင်ဆိုင်သမျှ၌ ဉာဏ်အလင်း ရရှိရမည်။ သင်သည် ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ တစ်စုံတစ်ခုကို ရင်ဆိုင်ရတိုင်း၊ ၎င်းအရာမှ သင့်အတွက် အကျိုးဖြစ်ထွန်း စေသင့်ပြီး၊ သင့်ကိုမလှုပ်နိုင်အောင် ဖြစ်သွားစေခြင်းသို့ မဖြစ်သင့်။ ဘယ်အရာမဆို ဘုရားသခင်ဖက်က ရပ်တည်ပြီး ဆင်ခြင်နားလည်သင့်၏။ လူ၏အမြင်တွင် မူတည်ပြီး စူးစမ်းလေ့လာမှု မပြုသင့်ပေ (ယင်းသည် သင့်အတွေ့အကြုံ၌ သွေဖီခြင်း ဖြစ်သည်)။ ဤအရာသည် သင်၏ကိုယ်တွေ့ ဖြစ်လျှင် ကိုယ့်ဘဝ၏ ဝန်ထုပ်ဝန်ပိုးများက သင့်စိတ်နှလုံးကို အနိုင်ယူလိမ့်မည်။ သင်သည် ဘုရားသခင် မျက်မှောက် အလင်းထဲတွင် အဆက်မပြတ် အသက်ရှင်နေလျက်၊ သင်ကျင့်ဆောင်ခြင်းအရာ၌ အလွယ်တကူ လမ်းလွဲမည်မဟုတ်။ ထိုကဲ့သို့သောလူမှာ အလားအလာများစွာရှိ၏။ ဘုရားသခင်၏ ပြီးပြည့်စုံလင်ပေးခြင်းကို ရနိုင်သည့် အခွင့်အရေးများစွာ ရှိပေသည်။ သင်တို့သည် ဘုရားသခင်ကို အမှန်ချစ်သောသူ ဖြစ်ကြသလော၊ သင်တို့သည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်ရန်နှင့် ဘုရားသခင်၏ ရရှိခြင်းခံရန်၊ သူ၏ ကောင်းချီးမင်္ဂလာများနှင့် အမွေဥစ္စာကိုရရန် သန္နိဌာန်ချကြသလော၊ စသည့်အချက်များတွင် မူတည်သည်။ သင်တို့ သန္နိဌာန်ချရုံနှင့်မပြီး။ သင်တို့၌ များစွာသော အသိပညာများ ရှိရမည်။ သို့မဟုတ်လျှင် သင်တို့၏ ကျင့်ဆောင်ခြင်းမှာ အစဉ်လမ်းလွဲလိမ့်မည်။ သင်တို့အားလုံး အသီးသီးကို ပြီးပြည့်စုံလင်စေရန် ဘုရားသခင် အလိုရှိ၏။ ထိုသို့ဖြစ်သည့်တိုင်၊ လူအများစုမှာ ဘုရားသခင်၏ အလုပ်ကို လက်ခံခဲ့ကြသည်မှာ အချိန်ကြာပြီ ဖြစ်သော်ငြားလည်း၊ ဘုရားသခင်၏ ကျေးဇူးတော်ဘောင်ထဲ၌သာ မိမိတို့ ကိုယ့်ကိုယ်ကိုယ် ခိုအောင်းနေကြကာ၊ သူ့ထံမှ ဇာတိပကတိဆိုင်ရာ ဇိမ်ကျသော အမှုအချို့ကို လိုချင်ကြသည်။ သာ၍များပြီး နက်နဲသော ဗျာဒိတ်တော်များ ရရှိရန် ဆန္ဒမရှိကြ၊ လူ၏စိတ်နှလုံးသည် အမြဲပင် အပြင်လောကတွင် ရှိနေကြောင်းပြ၏။ လူ၏အလုပ်၊ သူ၏အစေခံခြင်းနှင့် သူ၏ဘုရားသခင်ကိုချစ်ခြင်း နှလုံးသားသည် မသန့်ရှင်းခြင်း နည်းသော်လည်း၊ သူ၏ ဉာဏ်ဖွင့်ပြခြင်း မခံရသော တွေးခေါ်ခြင်းအထဲရှိ လူ၏ အနှစ်သာရနှင့် ပတ်သက်လာလျှင်၊ လူသည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို အစဉ်မပြတ် ရှာဖွေနေပြီး၊ ဘုရားသခင်က လူကို ပြီးပြည့်စုံလင်စေခြင်း၏ ရည်ရွယ်ချက်များနှင့် အခြေအနေများကို အလေးမထားပါ။ ထို့ကြောင့် လူအများစု၏ အသက်တာများသည် နိမ့်ကျလျက် ပျက်စီးယိုယွင်းကာ၊ ပြောင်းလဲခြင်းဟူ၍ ဆံခြည်တစ်မျှင်မျှလောက်ပင် မရှိကြပါ။ သူတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းအမှုကို သာမညအမှုဟု ထင်မှတ်ကြ၏။ ထိုအစား၊ သူတို့၏ ယုံကြည်ခြင်းမှာ သူတပါးအတွက်ပမာ ဖြစ်သည့်အလား၊ ဆက်ကပ်မှုမရှိ၊ စိတ်အားထက်သန်မှုကင်းလျက် လုပ်ဆောင်ကြ၏။ အနိမ့်ဆုံးသော ဗလာအဖြစ်နေနိုင်ကြပြီး အဓိပ္ပာယ်မဲ့ တည်ရှိခြင်း၏ ရေစုန်ရာမျောပါသူ ဖြစ်ကြသည်။ လူအနည်းငယ်က အရာရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် အသက်ရှင်ခြင်းကို ရှာဖွေပြီး၊ ကြွယ်ဝသည့် အရာများကို သာ၍ရရှိကြကာ၊ လက်ရှိဘုရားသခင်၏ အိမ်တော်သားများထဲက အထူးကြွယ်ဝသောသူ ဖြစ်လာပြီး၊ ဘုရားသခင်၏ ကောင်းချီးကို သာ၍ ခံစားကြသည်။ သင်က အရာရာ၌ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်ရခြင်းကို ရှာ၍သော်လည်းကောင်း၊ မြေကြီးပေါ်တွင် ဘုရားသခင်၏ ကတိများကို အမွေခံစားနိုင်လျှင်သော်လည်းကောင်း၊ အရာရာ၌ ဘုရားသခင်အားဖြင့် ဉာဏ်အလင်းကို ရရန်ရှာ၍၊ နှစ်များကို အလဟဿ မကုန်လွန်စေလျှင်၊ ၎င်းသည် တက်ကြွစွာ ဝင်ရောက်ရန်အတွက် အကောင်းဆုံးသော လမ်းဖြစ်သည်။ ဤနည်းလမ်း၌သာလျှင် သင်သည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်လာမည့် ထိုက်တန်ခြင်းနှင့် စံချိန်မီခြင်း အကြောင်းဖြစ်သည်။ သင်သည် ဘုရားသခင်အားဖြင့် ရသော ပြီးပြည့်စုံလင်ခြင်းကို အမှန်ရှာဖွေသူလော။ သင်သည် အရာခပ်သိမ်း၌ စိတ်အားထက်သန်သူ ဖြစ်သလော။ ပေတရုကဲ့သို့သော ဘုရားသခင်ကိုချစ်ခြင်းဝိညာဉ် သင့်မှာ ရှိသလော။ ယေရှုပြုခဲ့သကဲ့သို့ ဘုရားသခင်ကို ချစ်ရန် ဆန္ဒရှိသလော။ ယေရှုကို ယုံကြည်ခြင်း နှစ်ပေါင်းများစွာ သင့်မှာရှိခဲ့ပြီးပြီ၊ ယေရှုက ဘုရားသခင်အား မည်သို့ချစ်သည်ကို သင်မြင်ဖူးပြီလော။ သင်ယုံကြည်ရာမှာ ယေရှုပင် အမှန်ဖြစ်သလော။ ယနေ့၏ လက်တွေ့ကျသော ဘုရားသခင်ကို သင်ယုံကြည်၏။ ယနေ့တွင် ဇာတိပကတိထဲမှ လက်တွေ့ကျသော ဘုရားသခင်သည် ကောင်းကင်ရှိ ဘုရားသခင်အား အဘယ်မျှလောက် ချစ်သည်ကို သင်မြင်ဖူးသလော။ သခင်ယေရှုခရစ်တော်ကို သင်ယုံကြည်၏။ အကြောင်းမှာ လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ရန် လက်ဝါးကပ်တိုင်၌ အသေခံသော ယေရှုကြောင့်သော်လည်းကောင်း၊ သူပြုခဲ့သည့် နိမိတ်လက္ခဏာများမှာ လူတိုင်း လက်ခံသည့် သမ္မာတရားများ ဖြစ်သောကြောင့်တည်း။ မည်သို့ပင်ဖြစ်ကာမူ၊ လူ၏ယုံကြည်ခြင်းသည် ယေရှုခရစ်တော်အကြောင်းကို သိခြင်းနှင့် နားလည်ခြင်းအစစ်မှ လာသည်မဟုတ်။ သင်က ယေရှု၏နာမကို ယုံကြည်သော်လည်း သူ့ဝိညာဉ်ကို ယုံကြည်ခြင်း မဟုတ်ပေ။ အကြောင်းမူကား၊ ယေရှုက ဘုရားသခင်ကို အဘယ်မျှလောက် ချစ်ကြောင်းကို သင်သည် မသိမှတ်ပါ။ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်ပင် နုနယ်၏။ ယေရှုကို ယုံကြည်ခြင်းသည် သင့်မှာ နှစ်ပေါင်းများစွာ ရှိခဲ့သော်လည်း ဘုရားသခင်အား ဘယ်လို ချစ်ရမည်ကို သင်ကမသိချေ။ ဤအရာက သင့်ကို ကမ္ဘာ့အမိုက်မဲဆုံးလူ ဖြစ်စေသည် မဟုတ်လော။ ထိုအရာက သင်သည် သခင်ယေရှုခရစ်တော်၏ အစာကို နှစ်ပေါင်းများစွာ အလဟဿ စားသုံးခဲ့ကြောင်းကို ဖော်ပြသည်။ ထိုကဲ့သို့သောလူကို ငါမနှစ်သက်သည်သာမက၊ သင်ကိုးကွယ်သော သခင်ယေရှု ခရစ်တော်ကလည်း ထိုလူမျိုးကို မနှစ်သက်ကြောင်း ငါယုံသည်။ ထိုသို့သောလူသည် အဘယ်သို့ ပြီးပြည့်စုံလင် နိုင်မည်နည်း။ သင့်မျက်နှာ မနီဘူးလော။ သင်မရှက်ဘူးလော။ သင်၏ သခင်ယေရှုခရစ်တော်ကို ဖူးမြင်ရန် သင့်မှာ သတ္တိရှိသေးသလော။ ငါ့စကားများ၏ အနက်ဓိပ္ပာယ်ကို သင်တို့အားလုံး နားလည်ကြသလော။