Burmese

စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အခန်း ၅

ငါ့ဝိညာဉ်က အသံပြုသည့်အချိန်တွင် ငါ၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြလေသည်။ ယင်းအကြောင်းကို ရှင်းလင်းစွာ သင်တို့ နားလည်ပါသလော။ ဤအချက်ကို သင်တို့နားမလည်ခြင်းသည် ငါ့အား တိုက်ရိုက် ဆန့်ကျင်ရာ ရောက်ပေလိမ့်မည်။ ဤအရာ၌ရှိသော အရေးပါမှုကို သင်တို့ အမှန်တကယ် သိမြင်ပြီးပါပြီလော။ သင်တို့အပေါ်သို့ မည်မျှသောအားထုတ်မှု၊ မည်မျှသောစွမ်းအားကို ငါသုံးခဲ့ကြောင်း သင်တို့ အမှန်တကယ် သိပါသလော။ ငါ့ရှေ့မှောက်တွင် သင်တို့လုပ်ခဲ့သောအရာကို သင်တို့အမှန်တကယ် ဖော်ထုတ်ဝံ့ပါသလော။ ငါ့ရှေ့တွင် သင်တို့ကိုယ်သင်တို့ ငါ၏လူများဟု ခေါ်ဆိုဝံ့ပါသလော- သင်တို့တွင် အရှက်တရား အလျှင်းမရှိ၊ ဆင်ခြင်တုံတရား သာ၍မရှိ။

ဤကဲ့သို့သောသူတို့သည် ငါ့အိမ်မှ အနှေးနှင့်အမြန် နှင်ထုတ်ခံရပေလိမ့်မည်။ သင်သည် ငါ၏ သက်သေဖြစ်ခဲ့ပြီ ဟူသောအတွေးဖြင့် ငါ့အား သင်မလှည့်ဖြားနှင့်။ ဤသည်မှာ လူလုပ်နိုင်သောအရာ ဖြစ်ပါသလော။ သင့်ရည်ရွယ်ချက်များနှင့် သင့်ရည်မှန်းချက်များမှ မည်သည့်အရာမျှ မကျန်ရစ်ခဲ့ပါက သင်သည် အချိန်အတော်ကြာကတည်းကပင် အခြားသောလမ်းသို့ သီးခြားခွဲထွက်သွားပေခဲ့လိမ့်မည်။ လူသားများ၏ နှလုံးသားထဲတွင် မည်မျှ ထိန်းထားနိုင်သည်ကို ငါမသိဟု သင်ထင်ပါသလား။ ဤအချိန်မှစ၍ အရာရာ၌ လေ့ကျင့်မှု လက်တွေ့ဘဝထဲသို့ သင်ဝင်ရောက်ရမည်။ သင်လုပ်နေကျဖြစ်သော ရောက်တတ်ရာရာ ပြောနေရုံမျှနှင့် သင်မလုံလောက်တော့ပါ။ ယခင်က သင်တို့အများစုသည် ငါ့အမိုးအောက်တွင် ကပ်ရပ်နေနိုင်ခဲ့ကြသည်။ သင် ယနေ့ ခိုင်မာစွာ ရပ်တည်နိင်ခြင်းမှာ ငါ့နှုတ်ကပတ်တော်များ၏ ပြင်းထန်မှုကြောင့်သာ လုံး၀ဖြစ်၏။ ငါ့နှုတ်ကပတ်တော်များသည် ရည်ရွယ်ချက်မရှိဘဲ အလျဉ်းသင့်သလို ပြောနေသည်ဟု သင်ထင်ပါသလော။ မဖြစ်နိုင်ပေ။ အရာအားအလုံးကို အမြင့်မှ ငါကြည့်ပြီး အရာအားလုံးအပေါ်သို့ အမြင့်မှ ငါအုပ်စိုးထား၏။ ထိုနည်းတူ၊ ငါ၏ ကယ်တင်ခြင်းကို ကမ္ဘာမြေပေါ်သို့ ငါစေလွှတ်ထားပြီးဖြစ်၏။ လျှို့ဝှက်သော ငါ့နေရာမှ လူ့လောက၏ လှုပ်ရှားမှုတိုင်း၊ သူတို့ပြောသော စကားတိုင်း၊ သူတို့လုပ်သောအမှုတိုင်းကို ငါကြည့်မနေသည့် အခိုက်အတန့်ဟူ၍ မရှိ။ ငါ့အဖို့ လူ့လောကဟူသည်မှာ ဖွင့်ထားသောစာအုပ်နှင့် တူ၏။ ထိုသူတို့ တစ်ဦးစီနှင့် အားလုံးကို ငါ မြင်၏၊ သိ၏။ လျှို့ဝှက်သောနေရာသည် ငါ့ဘုံဗိမာန်၊ ငါလဲလျောင်းသော အိပ်ယာ အမြင့်ဆုံးသော ကောင်းကင်ဘုံဖြစ်၏။ ငါသည် ဘုန်းအာနုဘော်၊ ဖြောင့်မတ်ခြင်းနှင့် တရားစီရင်ခြင်းတို့ ပြည့်လျှံလျက်ရှိသောကြောင့် စာတန်၏ အင်အားများသည် ငါ့ထံသို့မရောက်နိုင်။ ပြောမပြတတ်လောက်အောင် လျှို့ဝှက်ဆန်းကျယ်သော အရာတစ်ခုသည် ငါ့နှုတ်ကပတ်တော်များထဲ၌ တည်ရှိ၏။ ငါစကားပြောနေသောအခါ သင်တို့သည် ရေထဲသို့ ပစ်ချလိုက်သည့် ကြက်ငှက်များကဲ့သို့ဖြစ်လာသည်၊ စိတ်ရှုပ်ထွေးမှုတို့ဖြင့် ပြည့်လျက်ရှိနေသည်။ သို့မဟုတ် ယခုပင် ထိတ်လန့်ဖွယ်တခုကို ကြုံလိုက်ရကာ ဘာကိုမျှ သိပုံမရသော ကလေးငယ်များကဲ့သို့ ဖြစ်နေသည်။ ထိုသို့ဖြစ်ရခြင်းမှာ သင်တို့၏ စိတ်ဝိညာဉ်သည် ထုံထိုင်းတွေဝေသည့် အခြေအနေတစ်ရပ်သို့ ကျရောက်သွားသောကြောင့် ဖြစ်ပေသည်။ လျှို့ဝှက်သောနေရာသည် ငါ့ဘုံဗိမာန်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ငါပြောသောအရာ၏ ပိုမိုနက်နဲသော အဓိပ္ပါယ်ကို သင်သိပါသလော။ လူသားအားလုံးထဲတွင် ငါ့ကို သိနိုင်သူ မည်သူရှိသနည်း။ သူတို့၏ မိခင်ဖခင်ကို သိသကဲ့သို့ ငါ့အားသိနိုင်သူ မည်သူရှိသနည်း။ ငါ့ဘုံဗိမာန်ထဲတွင် အနားယူရင်း ငါ အနီးကပ်လေ့လာကြည့်၏- ကမ္ဘာမြေပေါ်ရှိ လူများအားလုံးသည် သူတို့၏ပန်းတိုင်နှင့် သူတို့၏အနာဂတ် အဖို့အလို့ငှာ “ကမ္ဘာလှည့် ခရီးသွားခြင်း” နှင့် ပြေးပြေးလွှားလွှား သွားသွားလာလာဖြင့် ပျားပန်းခပ်မျှ လှုပ်ရှားနေကြသည်။ သို့သော် မည်သည့် တစ်စုံတစ်ဦးကမျှ ငါ့နိုင်ငံတော် တည်ထောင်ရန်အတွက် စွမ်းအားအပို မရှိပေ။ အသက်ရှူရာတွင် အသုံးပြုသည့် အင်အားမျှပင် မရှိချေ။ လူသားမျိုးနွယ်ကို ငါဖန်ဆင်းခဲ့ပြီး အတိဒုက္ခမှ ကြိမ်ဖန်များစွာ ငါကယ်မခဲ့ပြီးပြီ၊ သို့သော် ဤလူသားများမှာ အားလုံး ကျေးဇူးကန်းသူများဖြစ်သည်- ယင်းတို့အထဲတွင် တစ်စုံတစ်ဦးကမျှ ငါ၏ကယ်တင်ခြင်း ဖြစ်စဉ်အားလုံးကို တစ်ခုချင်းစီရေတွက်ရန် မစွမ်းနိုင်ပေ။ ကမ္ဘာကို စတင်ဖန်ဆင်းချိန်မှ ယခုလက်ရှိအချိန်အထိ နှစ်ပေါင်းမည်မျှ၊ ရာစုနှစ်ပေါင်းမည်မျှ ကြာခဲ့ပြီနည်း၊ မည်မျှသော အံ့ဖွယ်အမှုအမျိုးမျိုးကို ငါလုပ်ခဲ့သနည်း၊ ငါ့ပညာကို အကြိမ်မည်မျှ ငါဖော်ပြခဲ့သနည်း။ သို့သော် လူသည် စိတ်ဖောက်ပြန်မှုနှင့် ထိုင်းမှိုင်းမှုတို့ ခံစားနေရသော ငမိုက်သားတစ်ဦးကဲ့သို့ သို့မဟုတ်တစ်ခါတရံတွင် ပို၍ပင်ဆိုးသည့် သစ်တောတွင် ဟိုဟိုသည်သည် ပျာယာခပ်နေသော သတ္တဝါရိုင်းကြီးတစ်ဦးကဲ့သို့ ငါ့အမှုကိစ္စများအတွက် အလေးဂရုပြုရန် ရည်ရွယ်ချက် စိုးစဉ်းမျှပင် မရှိချေ။ ကြိမ်ဖန်များစွာပင် ငါသည် လူသားကို သေမိန့်ချခဲ့ပြီး သူ့အား သေစေရန် စီရင်ချက်ချခဲ့သော်လည်း ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို မည်သူ တစ်ဦးတစ်ယောက်မျှ မပြောင်းလဲနိုင်။ သို့နှင့် လူသားသည် ငါ့လက်ထဲတွင် ဆက်လက်ရှိနေပြီး သူဖက်တွယ်ထားသော အရာဟောင်းများဖြင့် ဝင့်ကြွားနေသည်။ ငါ့အလုပ်အဆင့်ဆင့်ကြောင့် အကျင့်ပျက်ပြီး ယိုယွင်းနေကာ ညစ်ညမ်းယုတ်ညံ့သည့် မိသားစုကြီးထဲ၌ မွေးဖွားလာခဲ့သည့် သင့်အား နောက်တစ်ကြိမ် ငါသည် ကယ်မပြီးဖြစ်သည်။
ငါစီစဉ်ထားရှိခဲ့သော အလုပ်သည် တခဏပင် မရပ်နားဘဲ ရှေ့သို့သာ အပူတပြင်း ဆက်လက်လုပ်ဆောင်နေသည်။ နိုင်ငံတော်ခေတ်ထဲသို့ ရောက်ရှိခြင်းနှင့် သင့်အား ငါ့လူအဖြစ် ငါ့နိုင်ငံတော်ထဲသို့ ဆောင်ယူခြင်းတို့ ပြုလုပ်ခဲ့ပြီးဖြစ်၍ သင့်ကို တောင်းဆိုရန် အခြားသော လုပ်ဆောင်ချက်များ ငါ၌ရှိလာလိမ့်မည်။ ဆိုလိုသည်မှာ ဤခေတ်တွင် ငါအုပ်ချုပ်မည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို သင့်ရှေ့တွင် ငါစတင်ပြဋ္ဌာန်းမည်-
သင့်အား ငါ၏လူဟု ဆိုသည့်အတွက်ကြောင့် သင်သည် ငါ့နာမကို ချီးမြှောက်နိုင်စွမ်း ရှိသင့်သည်။ ယင်းမှာ စမ်းသပ်မှုများကြားထဲ၌ သက်သေခံနိုင်စွမ်း ရှိခြင်း ဖြစ်သည်။ မည်သူမဆို ငါ့အား လိမ်လည်လှည့်ဖျားပြီး ငါ့ထံမှ သမ္မာတရားကို ဖုံးကွယ်ထားရန်ကြိုးပမ်းလျှင် သို့မဟုတ် ငါ့နောက်ကွယ်တွင် သိက္ခာမဲ့သောအလုပ်များ လုပ်ဆောင်လျှင် ထိုသူတို့သည် ခြွင်းချက်မရှိ မောင်းထုတ်ခံရမည်၊ အနှစ်ချုပ်အရေးယူမှုကို စောင့်စားရန် ငါ့အိမ်မှ ဖယ်ရှားခံရမည်။ ယခင်က ငါ့အား သစ္စာမစောင့်၊ မနာခံဘဲ ယနေ့တွင် ငါ့အား လူပုံအလယ်တွင် ဝေဖန်ရန် တစ်ဖန်ထကြွ သူတို့သည်လည်း ငါ့အိမ်မှ မောင်းထုတ်ခြင်း ခံရမည်။ ငါ၏လူဖြစ်သောသူတို့သည် ငါ့ဝန်ကို စဉ်ဆက်မပြတ် အမှုထားရမည်ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကို သိနားလည်ရန်လည်း ရှာဖွေရမည်။ ထိုသို့သောလူများကိုသာ ငါသည် ဉာဏ်ပွင့်စေမည်။ ထိုသူတို့သည် ဆုံးမခြင်းကို ဘယ်သောအခါမျှ မခံရဘဲ ငါ၏လမ်းပြမှုနှင့်ဉာဏ်ပွင့်စေမှုအောက်တွင် အသေအချာ နေရလိမ့်မည်။ သူတို့၏ အနာဂတ်ကို ကြိုတင်ပြင်ဆင်ရန် အာရုံပြုလျက် ငါ့ဝန်တို့ကို အမှုမထားသူများ၊ ဆိုလိုသည်မှာ ငါ့စိတ်နှလုံးကို ကျေနပ်စေခြင်းငှာ ရည်ရွယ်ပြီး မလုပ်ဆောင်သူများ၊ ယင်းအစား ပေးကမ်းရန်သာ တောင်းဆိုသူများ၊ ထိုကဲ့သို့သော သူတောင်းစားနှင့်တူသည့် လူသားများကို အသုံးပြုရန် ငါ အလျှင်းငြင်းပယ်မည်။ အကြောင်းမှာ သူတို့သည် မွေးစအချိန်မှစ၍ ငါ့ဝန်ကို အမှုထားရန်ဆိုသည်ကို လုံးလုံးလျားလျား မသိသောကြောင့် ဖြစ်၏။ ထိုသူတို့သည် စဉ်းစားဉာဏ် မူမမှန်သောသူများဖြစ်သည်။ ယင်းကဲ့သို့သောလူများသည် ဦးနှောက် “အာဟာရချို့တဲ့”နေပြီး “အာဟာရဓာတ်” ဖြည့်ဆည်းရန် အိမ်ပြန်သင့်သူများ ဖြစ်သည်။ ထိုကဲ့သို့သောလူများကို ငါမသုံး။ ငါ့လူများအကြားတွင်၊ လူတိုင်းသည် တစ်ခဏပင် မေ့ပျောက်ခြင်းမရှိသော စားခြင်း၊ ဝတ်ခြင်းနှင့် အိပ်ခြင်းကဲ့သို့ ငါ့အား သိနားလည်ခြင်းကို အဆုံးထိ ကျေပြွန်ရမည့် တာဝန်ဝတ္တရားတစ်ခုအဖြစ် အလေးထားရန် လိုအပ်ပေလိမ့်မည်။ သို့မှသာ အဆုံးတွင် ငါ့ကိုသိခြင်းသည် အစာစားခြင်းကဲ့သို့ လုပ်နေကျလက်ဖြင့် သက်သောင့်သက်သာ သင်လုပ်လေ့ရှိသော ကျွမ်းဝင်တတ်ကျွမ်းမှုတစ်ခု ဖြစ်လာပေလိမ့်မည်။ ငါပြောသော နှုတ်ကပတ်တော်များအနေဖြင့် တစ်ခုစီတိုင်းကို အဆုံးစွန် သေချာမှုနှင့် အပြည့်အဝ စွဲမှတ် ခံယူရမည်။ ဝတ်ကျေတန်းကျေ တစ်ဝက်တပျက် ဆောင်ရွက်ခြင်း မရှိရ။ ငါ့နှုတ်ကပတ်တော်များကို အလေးဂရုမပြုသော မည်သူမဆိုကို ငါ့အား တိုက်ရိုက်ဆန့်ကျင်နေခြင်းအဖြစ် မှတ်ယူမည်၊ ငါ့နှုတ်ကပတ်တော်များကို မစားသုံးသော၊ သို့မဟုတ် ယင်းတို့ကို သိနားလည်ရန် မရှာဖွေသော မည်သူမဆိုကို ငါ့အား အလေးဂရုမပြုခြင်းအဖြစ် မှတ်ယူမည်ဖြစ်ပြီး ငါ့အိမ်တံခါးပြင်ပသို့ အလျင်အမြန် လှဲကျင်းခြင်းခံရမည်။ အဘယ်ကြောင့်ဆိုသော် ယခင်က ငါပြောခဲ့သည့်အတိုင်း ငါအလိုရှိသည်မှာ လွန်စွာများပြား သော လူများမဟုတ်မူဘဲ ရွေးချယ်ခံရသော လူအနည်းငယ်သာ ဖြစ်၍ဖြစ်သည်။ လူတစ်ရာတွင် ငါနှုတ်ကပတ်တော်များအားဖြင့် ငါ့အားသိသူ တစ်ဦးသာရှိပါက ဤသူတစ်ဦးတည်းကို ဉာဏ်ပွင့်စေရေး နှင့် အလင်းပြရေးကို အာရုံပြုရန်အတွက် အခြားလူအားလုံးကို လိုလားစွာ ငါစွန့်ပယ်လိမ့်မည်။ ဤအရာမှ သင်သိမြင်နိုင်သည်မှာ၊ လူအများအပြားဖြစ်မှသာ ငါ့အားဖော်ပြနိုင်သည်၊ ငါ့ အတိုင်းအသက်ရှင်နိုင်သည် ဆိုခြင်းမှာ မမှန်ကန်ကြောင်းပင်ဖြစ်သည်။ ငါအလိုရှိသည်မှာ (အစေ့အနှံများ မပြည့်ဝသည့်တိုင်) ဂျုံပင်ဖြစ်ပြီး (အစေ့အနှံများမှာ အထင်ကြီးစဖွယ် ပြည့်ဝနေသော်မှ ) ပေါင်းမြက်ပင်များ မဟုတ်ပါ။ ရှာဖွေမှုမပြုသူများ၊ ယင်းအစား လျော့ရဲစွာ ပြုမူနေသူများအနေဖြင့်၊ ငါ့နာမကို ဂုဏ်အသရေပျက်အောင် လုပ်ဆောင်ခြင်း မပြုစေရန်အတွက် သူတို့သည် မိမိသဘောအလျောက် ထွက်ခွာသွားသင့်သည်။ ထိုသူတို့အား နောက်ထပ် ငါမမြင်လိုပေ။ ငါ၏လူများကို ငါတောင်းဆိုသည့်အပေါ်တွင် ဤပညတ်ချက်များ၌ ငါယခုရပ်ထားမည်ဖြစ်ပြီး အခြေအနေများ မည်သို့ ပြောင်းလဲသည့်အပေါ် မူတည်ပြီး နောက်ထပ် အရေးယူမှုများ ပြုလုပ်ရန် စောင့်ဆိုင်းမည်။
လွန်ခဲ့သောရက်များ၌ ငါသည် ပညာသဘောနှင့် ပြည့်စုံသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်၊ လူတို့၏ နက်ရှိုင်းသော စိတ်နှလုံးထဲထိ မြင်နိုင်သော ဘုရားသခင်ဖြစ်သည်ဟု လူအများစုက ထင်ခဲ့ကြသော်လည်း ယင်းတို့မှာ အပေါ်ယံအပြောသာ ဖြစ်လေသည်။ လူသည် ငါ့အား အမှန်တကယ်သိခဲ့ပါကအချက်အလက်များ မသိဘဲ အလျင်အမြန်ကောက်ချက်များချရန် မှတ်ယူခဲ့ခြင်း မရှိဘဲ ငါ့နှုတ်ကပတ်တော်များမှတဆင့် ငါ့အားသိရန် ဆက်လက်ကြိုးစားနေခဲ့လိမ့်မည်။ ငါ့အမှုများကို သူအမှန်တကယ်သိမြင်ရာ အဆင့်သို့ သူရောက်ရှိချိန်မှသာလျှင် ငါသည် ပညာရှိပြီး အံ့သြဖွယ်ဖြစ်ကြောင်းကို ပြောထိုက်ပေမည်။ သင်တို့သိသော ငါ့အကြောင်းမှာ တိမ်လှသည်။ ခေတ်အဆက်ဆက် မည်မျှသောလူတို့သည် ငါ့အား နှစ်ပေါင်းမည်မျှ အစေခံပြီးပြီနည်း။ ငါ့အမှုတို့ကို မြင်ပြီး ငါ့အကြောင်း တစ်စုံတရာကို အမှန်တကယ်သိလာသူ မည်မျှရှိသနည်း။ ယင်းလူတို့သည် ငါ့ခြေရာများကို ရှာဖွေရန် အလွန်ခက်ခဲသောကြောင့် ငါ့အား ဆန့်ကျင်ရန် ရည်ရွယ်ချက် စိုးစဉ်းမျှမရှိဘဲ ငါ့ထံ ဆက်ကပ်အပ်နှံသည့် နှလုံးသားတစ်ခု သူတို့၌ အစဉ်အမြဲရှိနေခဲ့သည်။ ဤလူများအကြား၌ ငါ့လမ်းညွှန်ချက်မရှိခဲ့လျှင် ထိုသူတို့သည် အလောတကြီး လုပ်ဆောင်ရဲမည်မဟုတ်။ ထို့ကြောင့်ပင် နှစ်ပေါင်းများစွာ အတွေ့အကြုံများ ဖြတ်သန်းကျော်လွှားခဲ့ပြီး နောက်ဆုံးတွင် ထိုသူတို့က ငါသည် ပညာရှိ၊ အံ့သြဖွယ်၊ တိုင်ပင်ဖက် ဖြစ်ကြောင်း၊ ငါ့နှုတ်ကပတ်တော်များသည် အသွားနှစ်ဘက်ပါသော ဓားကဲ့သို့ဖြစ်ကြောင်း၊ ငါ့အမှုတို့သည် ကောင်းမြတ်ပြီး အလွန်အံ့အားသင့်ဖွယ်၊ အံ့သြဖွယ်ဖြစ်ကြောင်း၊ ငါသည် ဘုန်းအာနုဘော် ခြုံရုံထားကြောင်း၊ ငါ့ပညာသည် မိုးကောင်းကင်အာကာသနှင့် အခြား ထိုးထွင်းအမြင်များထက် ပိုမိုမြင့်မားကြောင်းတို့ကို ပြောဆိုလျက်ငါ့အကြောင်း တစ်စိတ်တစ်ပိုင်းကို ခြုံငုံကောက်ချက်ချခဲ့ကြသည်။ သို့သော် ယနေ့ သင်တို့သည် ထိုသူတို့ခင်းပေးခဲ့သော အုတ်မြစ်အပေါ်မှာသာ ငါ့အကြောင်းကို သိခြင်းဖြစ်ပြီး သင်တို့အားလုံးနီးပါးသည် ကြက်တူရွေးများကဲ့သို့ပင် သူတို့ပြောခဲ့သော နှုတ်ကပတ်တော်များကို သံယောင်လိုက် ရေရွတ်နေခြင်းသာဖြစ်သည်။ ငါ့ကို သင်တို့သိပုံသည် ပေါ့တန်လှကြောင်းနှင့် သင်တို့၏ “ပညာရေး” သည် ညံ့ဖျင်းလှကြောင်းကို ငါထည့်သွင်းစဉ်းစားသဖြင့်သာ သင်တို့အပေါ် ဆုံးမမှုကို ငါများစွာသက်ညှာပေးခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြစ်သော်မှ သင်တို့အားလုံးနီးပါးသည် ကိုယ့်အကြောင်းကိုယ် မသိသေး၊ သို့မဟုတ် သင့်လုပ်ဆောင်မှုတို့သည် ငါ့အလိုသို့ ရောက်ရှိပြီး ယင်းအတွက်ကြောင့် ပြစ်ဒဏ်စီရင်ခြင်းမှ လွတ်ကင်းခဲ့သည်ဟု ထင်မြင်ယူဆနေသေးသည်။ သို့မဟုတ် ဇာတိပကတိ ဖြစ် ပြီးနောက် ငါသည် လူတို့၏လုပ်ရပ်များကို လုံးလုံးလျားလျား မသိတော့ဘဲ ယင်းအတွက်ကြောင့် ဆုံးမမှုကိုလည်း သင်တို့ လွတ်ကင်းခဲ့သည်ဟု သင်တို့ ထင်မြင်နေသည်။ သို့မဟုတ် သင်တို့ယုံကြည်သော ဘုရားသခင်သည် စကြဝဠာကြီး၏ အပြောကျယ်လှသောနေရာထဲတွင် မတည်ရှိဟု သင်တို့ထင်မြင်ပြီး ယင်းကြောင့် သင်တို့သည် ဘုရားသခင်အား သိခြင်းအရာကို ဖြည့်ဆည်းရမည့် တာဝန်ဟု သင်တို့၏ နှလုံးသားထဲတွင် သိမ်းထားရမည့်အစား သင်တို့၏ အချိန်ပိုများတွင် လုပ်ဆောင်ရမည့် ငြီးငွေ့ဖွယ်အမှုကိစ္စဟု ချောင်ထိုးထားခဲ့ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအား အပျင်းပြေအချိန်ဖြုန်းခြင်း တနည်းအားဖြင့် အလဟဿဖြစ်မည့်အချိန်ကို ကုန်လွန်စေသည့် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနေကြသည်။ သင်တို့၏ အရည်အချင်းများ၊ ဆင်ခြင်တုံတရားနှင့် ထိုးထွင်းအမြင်များ ကင်းမဲ့မှုကို ငါမသနားလျှင် ငါ့ဆုံးမမှုထဲ၌ သင်တို့အားလုံးသည် ဖြစ်တည်မှုမှ ဖယ်ရှားခံရကာ သေဆုံးကုန်လိမ့်မည်။ သို့သော် ကမ္ဘာမြေကြီးပေါ်တွင် ငါ့အလုပ် ပြီးသည်အထိ လူသားများအပေါ် ငါ သက်ညှာဦးမည်။ ယင်းမှာ သင်တို့အားလုံး သိရမည့်အရာဖြစ်သည်။ အကောင်းနှင့် အဆိုး ရောယှက်ရှုပ်ထွေးခြင်းကို ရပ်တန့်ပါလော့။
၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်