လူအများကြား ဘုရားသခင်၏ အလုပ်တွင် လူသည် ဤအလုပ်၏ ပြုလုပ်ခံရသူဖြစ်ပြီး၊ ဘုရားသခင်ကို သက်သေခံနိုင်သည့် ဘုရားသခင် ဖန်ဆင်းထားသည့် တစ်ခုတည်းသော သတ္တဝါ ဖြစ်သောကြောင့် ထိုအလုပ်နှင့် လူသည် ခွဲ၍ မရပေ။ လူ၏ အသက်တာနှင့် လူ၏ လှုပ်ရှားမှုအားလုံးသည် ဘုရားသခင်နှင့် ခွဲ၍မရဘဲ ဘုရားသခင်၏ လက်များက အားလုံးကို ထိန်းချုပ်ထားကာ ဘုရားသခင်နှင့် ကင်းကွာပြီး မည်သည့် ပုဂ္ဂိုလ်မျှ မတည်ရှိနိုင်ဟုပင် ပြောနိုင်သည်။ ယင်းသည် အချက်အလက်အမှန်ဖြစ်၍ မည်သူမျှ ယင်းကိုမငြင်းနိုင်။ ဘုရားသခင်လုပ်ဆောင်သမျှ အလုံးစုံသည် လူသားအကျိုးအတွက် ဖြစ်ပြီး၊ စာတန်၏ အကြံအစည်များကို ဦးတည်သည်။ လူ၏ လိုအပ်ချက်အားလုံးသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်သည် လူသား၏ အသက်တာအတွက် အရင်းအမြစ်ဖြစ်သည်။ သို့ဖြစ်ရာ လူသည် ရိုးရှင်းစွာပင် ဘုရားသခင်မှ ခွဲထွက်နိုင်ခြင်း မရှိပေ။ ထို့အပြင် ဘုရားသခင်တွင်လည်း လူသားနှင့်ခွဲရန် မည်သည့်အခါမျှ ရည်ရွယ်ချက် မရှိခဲ့ပေ။
ဘုရားသခင် လုပ်ဆောင်သော အလုပ်သည် လူသားမျိုးနွယ်အားလုံးအကျိုးအတွက်ဖြစ်ပြီး သူ၏ ကြံစည်ချက်များမှာ အစဉ်အမြဲ ကြင်နာမှုရှိသည်။ လူအတွက် ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ အကြံအစည် (ယင်းမှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်) နှစ်ခုစလုံးတို့သည် လူတို့သိသင့်သော “ရူပါရုံများ” ဖြစ်သည်။ ယင်းရူပါရုံများသည်လည်း ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်ပြီး လူသားတို့ လုပ်နိုင်စွမ်းမရှိသော အလုပ်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ အလုပ်လုပ်ဆောင်ချိန်တွင် လူသားအပေါ် ဘုရားသခင်ထားရှိသည့် သတ်မှတ်ချက်များကို လူ၏ “လက်တွေ့လုပ်ဆောင်မှု”ဟု ခေါ်သည်။ ရူပါရုံများသည် ဘုရားသခင် ကိုယ်တော်တိုင်၏အလုပ် သို့မဟုတ် လူသားများအပေါ် သူ၏ အလိုတော် သို့မဟုတ် သူ့အလုပ်၏ ရည်ရွယ်ချက်များနှင့် ထင်ရှားချက်များ ဖြစ်သည်။ ဤစီမံခန့်ခွဲမှုသည် ဘုရားသခင်၏ အလုပ်ဖြစ်သဖြင့် ရူပါရုံများကို စီမံခန့်ခွဲမှု၏ အစိတ်အပိုင်းဖြစ်သည်ဟုလည်း ပြောနိုင်ပြီး ထိုရူပါရုံများသည် လူသားအတွက် ရည်ရွယ်သည်။ ဆိုလိုသည်မှာ ယင်းအလုပ်သည် ဘုရားသခင်က လူအများကြားတွင် လုပ်သော အလုပ်ဖြစ်သည်။ ဤအလုပ်သည် ဘုရားသခင်ကို လူက သိလာသော အထောက်အထားနှင့် လမ်းကြောင်းဖြစ်ပြီး လူအတွက် အရေးအကြီးဆုံးလည်း ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် အသိပညာကို အာရုံစိုက်မည့်အစား ဘုရားသခင်ကို ယုံကြည်မှုနှင့်ပတ်သက်သည့် အယူဝါဒများ သို့မဟုတ် လုံးဝအရေးမကြီးသော အသေးစိတ်များကိုသာ အာရုံစိုက်ကြမည်ဆိုပါက သူတို့သည် အကယ်ပင် ဘုရားသခင်ကို သိကြမည်မဟုတ်ဘဲ၊ ထိုမျှသာမက ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း ညီညွတ်ကြမည်မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်သည် ဘုရားနှင့်ပတ်သက်သော လူ၏ အသိပညာကို အလွန်အထောက်အကူပြုပေးပြီး ယင်းကို ရူပါရုံများဟု ခေါ်သည်။ ယင်းရူပါရုံများသည် ဘုရားသခင်၏ အလုပ်၊ ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင် အလုပ်၏ ရည်မှန်းချက်များနှင့် ထင်ရှားချက်များဖြစ်သည်။ ယင်းတို့ အားလုံးသည် လူကို အကျိုးကျေးဇူး ရှိစေသည်။ လက်တွေ့လုပ်ဆောင်မှုဆိုသည်မှာ လူလုပ်သင့်သောအရာ၊ ဘုရားသခင်နောက်လိုက်သော သတ္တဝါများ လုပ်သင့်သောအရာကို ဆိုလိုသည်။ ယင်းမှာ လူ၏ တာဝန်လည်း ဖြစ်သည်။ လူသား လုပ်သင့်သော အရာသည် အစဦးကတည်းက လူသား နားလည်ခဲ့သော အရာမဟုတ်ဘဲ ဘုရားသခင်က သူ၏အလုပ်အတွင်း လူသားအပေါ် ထားရှိသော သတ်မှတ်ချက်များ ဖြစ်သည်။ ယင်းသတ်မှတ်ချက်များသည် တဖြည်းဖြည်း နက်ရှိုင်းလာပြီး ဘုရားသခင် အလုပ်လုပ်သည်နှင့်အမျှ ပို၍မြင့်မားလာခဲ့သည်။ ဥပမာ၊ ပညတ်တော်ခေတ်တွင် လူသည် ပညတ်တော်ကို လိုက်နာရပြီး ကျေးဇူးတော်ခေတ်တွင် လူသားသည် လက်ဝါးကပ်တိုင်ကို ထမ်းခဲ့ရသည်။ နိုင်ငံတော်ခေတ်တွင်မူ ကွာခြားသည်။ လူသားအပေါ် သတ်မှတ်ချက်များသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်များအတွင်းကထက် ပိုမိုမြင့်မားသည်။ ရူပါရုံများသည် ပိုမို မြင့်မားလာသည်နှင့်အမျှ၊ လူသားအပေါ် သတ်မှတ်ချက်များသည်လည်း ပိုမြင့်လာပြီး ယခင်ကနှင့် မတူအောင်ရှင်းလင်းလာကာ ပို၍စစ်မှန်လာသည်။ အလားတူပင် ရူပါရုံများသည်လည်း တိုး၍ စစ်မှန်လာသည်။ ယင်းစစ်မှန်သော ရူပါရုံ အများအပြားသည် လူသား၏ ဘုရားသခင်အား နာခံခြင်းကို အားဖြည့်ပေးရုံသာမက၊ ဘုရားသခင်နှင့်ပတ်သက်သော သူ၏ အသိပညာကိုလည်း ပိုမို အားဖြည့်ပေးသည်။
ယခင်ခေတ်များနှင့် နှိုင်းယှဉ်ပါက နိုင်ငံတော်ခေတ်အတွင်း ဘုရားသခင်၏ အလုပ်သည် ပို၍လက်တွေ့ကျပြီး၊ လူသားဖြစ်တည်မှုနှင့် သူ၏ စိတ်သဘောထား ပြောင်းလဲမှုများကို ပိုမိုရည်မှန်းပြီး၊ သူ့ကို လိုက်လျှောက်သူတို့ အားလုံးအတွက် ဘုရားသခင်ကိုယ်တော်တိုင်ကို ပိုမိုသက်သေခံစေနိုင်သည်။ တစ်နည်းဆိုသော် နိုင်ငံတော်ခေတ်တွင် သူအလုပ်လုပ်သည် နှင့်အမျှ၊ အတိတ်ကာလ မည်သည့်အချိန်ကထက်မဆို ပိုမိုပြီး ဘုရားသခင်သည် သူ့အကြောင်းကို ပြသတော်မူသည်။ ဆိုလိုသည်မှာ လူသားက သိသင့်သော ရူပါရုံများသည် ယခင်ခေတ်များထက် ပိုမို မြင့်မားသည်။ လူတို့အကြားရှိ ဘုရားသခင်၏ အလုပ်သည် ယခင်မရောက်ဖူးသေးသော နယ်ပယ်ကို ဝင်ရောက်ခဲ့သည့်အတွက်၊ နိုင်ငံတော်ခေတ်တွင် လူသားက သိသော ရူပါရုံများသည် စီမံခန့်ခွဲမှုအလုပ်များ အားလုံးတွင် အမြင့်ဆုံးဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် ယခင်က မရောက်ဖူးသေးသော နယ်ပယ်ကို ဝင်ရောက်ခဲ့ပြီး၊ လူသားက သိမြင်ရမည့် ရူပါရုံများသည် ရူပါရုံများအားလုံးတွင် အမြင့်ဆုံးဖြစ်ပြီး၊ ရလဒ်ဖြစ်သော လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း ယခင်ခေတ်များထက် ပိုမိုမြင့်မားသည်။ အကြောင်းမှာ ရူပါရုံများနှင့်အတူ လူ၏လက်တွေ့လုပ်ဆောင်မှုများသည် အဆင့်လိုက် ပြောင်းလဲမှုများရှိပြီး ရူပါရုံများ၏ ပြည့်စုံခြင်းသည်လည်း လူ့သတ်မှတ်ချက်၏ ပြည့်စုံခြင်းကို အမှတ်အသားပြုသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံး ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း ရပ်တန့်သွားသည်၊ ထို့အပြင် ဘုရားသခင်၏ အလုပ်မရှိပါက လူသည် အတိတ်ကာလများ၏ အယူဝါဒကို ထိန်းသိမ်းရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိဘဲ ဖြစ်လိမ့်မည်၊ သို့တည်းမဟုတ် အကယ်ပင် အားကိုးရာမရှိဘဲ ဖြစ်လိမ့်မည်။ ရူပါရုံအသစ်များမရှိဘဲ လူ၏ လက်တွေ့ လုပ်ဆောင်မှုအသစ်များ ရှိမည်မဟုတ်၊ ပြီးပြည့်စုံသော ရူပါရုံများမရှိဘဲ လူ၏ စုံလင်သော လက်တွေ့ လုပ်ဆောင်မှု ရှိလိမ့်မည် မဟုတ်ပေ။ ပိုမို မြင့်မားသော ရူပါရုံများ မရှိဘဲ လူ၏ ပိုမို မြင့်မားသော လက်တွေ့လုပ်ဆောင်မှုလည်း ရှိမည်မဟုတ်ပေ။ လူ၏ လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်၏ ခြေလှမ်းများနှင့်အတူ ပြောင်းလဲသည်၊ အလားတူပင် လူ၏ အသိပညာနှင့် အတွေ့အကြုံသည်လည်း ဘုရားသခင်၏ အလုပ်နှင့်အတူ ပြောင်းလဲသည်။ လူသည် မည်မျှ လုပ်ဆောင်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ သူသည် ဘုရားသခင်နှင့် ခွဲ၍ မရနိုင်ဆဲပင် ဖြစ်သည်၊ အကယ်၍ ဘုရားသခင်သည် အချိန်အခိုက်အတန့်မျှ အလုပ်လုပ်ခြင်းကို ရပ်လိုက်ပါက လူသည် သူ၏ ဒေါသကြောင့် ချက်ချင်း သေဆုံးသွားလိမ့်မည်။ ယနေ့တွင် လူ၏ အသိပညာသည် မည်မျှ မြင့်သည်ဖြစ်စေ၊ သူ၏ အတွေ့အကြုံများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သူသည် ဘုရားသခင်၏ အလုပ်နှင့် ခွဲနိုင်ခြင်းမရှိသဖြင့် လူ၌ ကြွားဝါစရာ ဘာမျှမရှိ၊ အဘယ်ကြောင့်ဆိုသော် လူ၏ လက်တွေ့လုပ်ဆောင်မှုနှင့် ထိုလုပ်ဆောင်မှုမှတစ်ဆင့် သူ့အနေဖြင့် ဘုရားသခင်အပေါ် သူ၏ယုံကြည်မှုကို ရှာဖွေရန်တို့မှာ ရူပါရုံများနှင့် ခွဲခြား၍ မရသောကြောင့် ဖြစ်သည်။ ဘုရားသခင်အလုပ်၏ ဖြစ်စဉ်တိုင်းသည် လူသားသိသင့်သော ရူပါရုံများဖြစ်သည်၊ လူအပေါ်ထားသော သင့်တင့်လျောက်ပတ်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များ ဆက်လိုက်လာသော ရူပါရုံများဖြစ်သည်။ ယင်းရူပါရုံများကို အခြေခံအဖြစ်မပါရှိဘဲ လူသည် လက်တွေ့လုပ်ဆောင်မှုကို ဧကန်စင်စစ် မတတ်နိုင်သကဲ့သို့၊ လူသည် ဘုရားသခင်ကို မဆုတ်မနစ် လိုက်လျှောက်နိုင်မည်လည်း မဟုတ်ပေ။ အကယ်၍ လူသည် ဘုရားသခင်ကို မသိပါက၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို နားမလည်ပါက လူသား လုပ်ဆောင်သမျှ အလုံးစုံသည် အချည်းနှီးသာဖြစ်ပြီး ဘုရားသခင်၏ အတည်ပြုမှုကို ရနိုင်မည် မဟုတ်ပေ။ လူသား၏ ဆုကျေးဇူးများသည် မည်မျှပင် များပြားသည်ဖြစ်စေ၊ သူသည် ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြမှုမှ ခွဲမရနိုင်ဘဲ ရှိသေးသည်။ လူ၏ လုပ်ဆောင်မှုများသည် မည်မျှကောင်းသည်ဖြစ်စေ၊ မည်မျှ များပြားသည်ဖြစ်စေ၊ ယင်းတို့သည် ဘုရားသခင်၏ အလုပ်ကို အစားထိုးနိုင်ခြင်း မရှိသေးပေ။ သို့ဖြစ်ရာ မည်သည့် အခြေအနေအောက်တွင်မျှ လူ၏ လက်တွေ့လုပ်ဆောင်မှုသည် ရူပါရုံများမှ ခွဲထွက်၍မရနိုင်ပေ။ ရူပါရုံအသစ်များကို လက်မခံသူသည် လက်တွေ့ လုပ်ဆောင်မှုအသစ်များ ရှိမည်မဟုတ်ပေ။ ထိုသူတို့၏ လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့် ဆက်နွယ်မှု မရှိ၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် အယူဝါဒများကို လိုက်နာပြီး အသက်မရှင်သော ပညတ်တော်များကိုသာ ထိန်းသိမ်းထား၍ ဖြစ်သည်။ သူတို့တွင် ရူပါရုံသစ်များ လုံးဝမရှိ၊ ရလဒ်အဖြစ် သူတို့သည် ခေတ်သစ်တွင် မည်သည့်အရာကိုမျှ လက်တွေ့မလုပ်ဆောင်ကြပေ။ သူတို့သည် ရူပါရုံများ ပျောက်ဆုံးနေခဲ့ပြီး၊ ထိုသို့ဖြစ်သည့်အတွက် သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုလည်း ဆုံးရှုံးကာ၊ သမ္မာတရားကိုလည်း ဆုံးရှုံးရသည်။ သမ္မာတရားမရှိသူတို့သည် အဓိပ္ပာယ်မဲ့မှု၏ အနွှယ်များသာ ဖြစ်သည်။ သူတို့သည် စာတန်၏ ပြယုဂ်ဖြစ်ကြသည်။ တစ်ဦးတစ်ယောက်သည် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်စေကာမူ၊ ဘုရားသခင်အလုပ်၏ ရူပါရုံများမရှိဘဲ မရပ်တည်နိုင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်ကို ဆုံးရှုံး၍လည်း မရပေ။ တစ်စုံတစ်ယောက်သည် ရူပါရုံဆုံးရှုံးသည်နှင့် တစ်ပြိုင်နက်တည်းတွင် သူတို့သည် မရဏနိုင်ငံသို့ သက်ဆင်းရပြီး အမှောင်ထုတွင် နေထိုင်ကြသည်။ ရူပါရုံများ မရှိသူတို့သည် ဘုရားသခင်ကို မိုက်မဲစွာ လိုက်လျှောက်သူတို့ဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ကင်းမဲ့သူများ ဖြစ်ကြပြီး သူတို့သည် ငရဲတွင် နေထိုင်နေကြသည်။ ထိုသို့သော လူများသည် သမ္မာတရားကို မီအောင်မလိုက်လျှောက်ဘဲ ဘုရားသခင်၏ နာမတော်ကို ဆိုင်းဘုတ်တစ်ခုကဲ့သို့သာ ချိတ်ဆွဲသူများဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မသိသူ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကို မသိသူ၊ ဘုရားသခင် စီမံခန့်ခွဲမှု တစ်ခုလုံးတွင် အလုပ်အဆင့် သုံးဆင့်ကို မသိသူ၊ ထိုသူတို့သည် ရူပါရုံများကို မသိကြ၊ ထို့ကြောင့် သမ္မာတရား မရှိကြပေ။ သမ္မာတရားကို မပိုင်ဆိုင်သူတို့သည် မကောင်းမှုလုပ်သူများ မဟုတ်လော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသူ၊ ဘုရားသခင်အား သိရှိနားလည်ခြင်းကို ရှာဖွေလိုသူနှင့် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းလိုသူတို့အတွက်၊ ရူပါရုံများသည် အခြေခံအုတ်မြစ်ဖြစ်ကြသည်။ သူတို့ကို ဘုရားသခင်က လက်ခံသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်နှင့် ပူးပေါင်းသောကြောင့် ဖြစ်သည်။ ယင်းပူးပေါင်းဆောင်ရွက်မှုမှာ လူတို့ လက်တွေ့လုပ်ဆောင်သင့်သော အရာဖြစ်ပေသည်။
ရူပါရုံများတွင် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းများ များစွာပါဝင်သည်။ လူသားတောင်းဆိုသော လက်တွေ့ကျသည့် တောင်းဆိုချက်များသည် လူသားသိသင့်သော ဘုရားသခင်၏ အလုပ်ဖြစ်ရာ ယင်းတို့သည် ရူပါရုံများအတွင်းတွင် ပါဝင်သည်။ ယခင်က နေရာအမျိုးမျိုးတွင် ပြုလုပ်သော အထူးစုဝေးခြင်းများ သို့မဟုတ် ကြီးမားသော စုဝေးခြင်းများအတွင်း လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း၏ ရှုထောင့်တစ်ခုတည်းကိုသာ ပြောခဲ့သည်။ ထိုလက်တွေ့လုပ်ဆောင်မှုမှာ ကျေးဇူးတော်ခေတ်အတွင်း လက်တွေ့လုပ်ဆောင်ခဲ့သင့်သော အရာဖြစ်ပြီး၊ ကျေးဇူးတော်ခေတ်၏ ရူပါရုံမှာ ယေရှု လက်ဝါးကပ်တိုင်တွင်အသေခံခြင်း ရူပါရုံသာ ဖြစ်ပြီး၊ ပိုမိုကြီးမားသော ရူပါရုံမရှိသဖြင့် ဘုရားသခင်အား သိနားလည်မှုနှင့် ပတ်သက်ဆက်နွှယ်မှု အနည်းငယ်မျှသာ ရှိခဲ့သည်။ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့် လူသားမျိုးနွယ်ကို ကယ်နုတ်သည့် အလုပ်ထက်ပိုပြီး လူအနေဖြင့် သိရှိရန် မလိုပါ၊ ထို့ကြောင့် ကျေးဇူးတော်ခေတ်တွင်လည်း လူကသိရမည့် အခြားရူပါရုံများ မရှိခဲ့ပါ။ ဤနည်းလမ်းဖြင့်၊ လူသည် ဘုရားကို သာမန်ကာလျှံကာသာသိပြီး၊ ယေရှု၏ ချစ်ခြင်းနှင့် ကရုဏာမှလွဲ၍၊ သူ့အတွက်မှာ လက်တွေ့လုပ်ဆောင်စရာမှာ အခြားရိုးရှင်းပြီး နုံချာသည့် အရာများ အနည်းငယ်သာ ရှိသည်၊ ထိုအရာများသည် ယနေ့အရာများနှင့် တခြားစီပင် ဖြစ်သည်။ ယခင်က၊ မည်သည့်အရာက စုဝေးခြင်းကို ဖြစ်ပေါ်စေသည်ဖြစ်စေ၊ လူသည် ဘုရားသခင်အလုပ်၏ လက်တွေ့ကျသော အသိပညာကို မပြောဆိုနိုင်ပေ၊ အဘယ်အရာက လူသားဝင်ရောက်နိုင်သည့် လက်တွေ့လုပ်ဆောင်ရန် အသင့်တော်ဆုံး လမ်းကြောင်းဖြစ်သည်ကို ရှင်းလင်းစွာ ပြောပြနိုင်ရန် သာ၍ပင် ဝေးနေသေးသည်။ သူသည် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းအခြေခံတွင် ရိုးရှင်းသည့် အသေးစိတ် အချက်အနည်းငယ်ကို ဖြည့်စွက်မျှရုံသာဖြစ်သည်။ သူ၏လက်တွေ့လုပ်ဆောင်မှု အနှစ်သာရတွင် အမှန်ပင် ပြောင်းလဲမှုမရှိပါ၊ အကြောင်းမှာ တူညီသည့်ခေတ်အတွင်း ဘုရားသခင်က မည်သည့်အလုပ်သစ်ကိုမျှ မလုပ်ဘဲ၊ လူ့အပေါ် သူထားရှိသည့် သတ်မှတ်ချက်များမှာ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်း၊ သို့မဟုတ် လက်ဝါးကပ်တိုင်ကို ထမ်းခြင်းတို့သာ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်ခြင်းများမှလွဲ၍၊ ယေရှု လက်ဝါးကပ်တိုင်တွင် အသေခံခြင်းထက် ပိုမြင့်မားသည့် ရူပါရုံများ မရှိတော့ပါ။ ယခင်က၊ ဘုရားသခင်သည် များလှစွာသော အလုပ်ကို မလုပ်ဆောင်ခဲ့ဘဲ လူ့ထံမှ အကန့်အသတ်ဖြင့်သာ တောင်းဆိုမှုများပြုခဲ့သဖြင့် အခြားရူပါရုံများကို ပြောဆိုခြင်းများမရှိခဲ့ပါ။ ဤနည်းလမ်းအားဖြင့်၊ လူက အဘယ်အရာပင် လုပ်ခဲ့သည်ဖြစ်စေ၊ သူသည် လူ့အနေဖြင့် လက်တွေ့လုပ်ဆောင်ရန် ရိုးရှင်းပြီး ပေါ့တန်သော အရာအနည်းငယ်ဖြစ်သည့် ဤနှောင်ဖွဲ့မှုများကို မချိုးဖျက်နိုင်ပေ။ ယနေ့တွင် အခြားရူပါရုံများကို ငါပြောသည်၊ အဘယ်ကြောင့်ဆိုသော် ယနေ့တွင် သာ၍များသော အလုပ်ကို လုပ်ဆောင်ခဲ့ပြီး၊ ယင်းအလုပ်သည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ထက် အဆပေါင်းများစွာ ပိုများသည်။ လူသားများ၏ လိုအပ်ချက်များကလည်း ပြီးခဲ့သည့် ခေတ်များထက် အဆပေါင်းများစွာ မြင့်မားသည်။ အကယ်၍ လူအနေဖြင့် ထိုသို့သော အလုပ်ကို အပြည့်အဝ မသိနိုင်ပါက၊ ထင်ရှားကြီးမြတ်သည်များကို ပိုင်ဆိုင်မည်မဟုတ်ပါ။ လူသည် အသက်တာ တစ်ခုလုံး ဆက်ကပ်ပြီး မကြိုးစားပါက၊ ထိုသို့သော အလုပ်ကို အပြည့်အဝသိရန် ခက်ခဲလိမ့်မည်ဟု ပြောနိုင်သည်။ သိမ်းပိုက်ခြင်းအလုပ်တွင်၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကိုသာ ပြောဆိုခြင်းက လူသားအား သိမ်းပိုက်ခြင်းကို မဖြစ်နိုင်အောင် ပြုလိမ့်မည်။ ရူပါရုံများကို ပြောဆိုရုံမျှသာဖြစ်ပြီး လူသား၏ လိုအပ်ချက် အနည်းငယ်မျှ မပါရှိပါကလည်း လူသားအားသိမ်းပိုက်ခြင်းကို မဖြစ်နိုင်စေပါ။ လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းမှလွဲ၍ ဘာကိုမျှ ပြောဆိုခြင်းမရှိပါက၊ လူ၏ပျော့ကွက်ကို တိုက်ခိုက်ရန်၊ သို့မဟုတ် လူ၏အယူအဆများကို လွင့်ပျောက်စေရန် ဖြစ်နိုင်လိမ့်မည်မဟုတ်။ လူသားကို အပြည့်အဝ သိမ်းပိုက်ရန်လည်း ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ရူပါရုံများသည် လူသားကို သိမ်းပိုက်ရန်အတွက် အဓိကကိရိယာ ဖြစ်သည်။ သို့သော်လည်း ရူပါရုံများကလွဲ၍ အခြားသောလမ်းကြောင်းမရှိလျှင်၊ လူသားများ ဝင်ရောက်မည့် နည်းလမ်းများရှိရန် မဆိုထားနှင့်၊ လိုက်လျှောက်ရန် လမ်းကြောင်းပင် ရှိလိမ့်မည်မဟုတ်။ ဤကား အစမှ အဆုံးထိတိုင် ဘုရားသခင်အလုပ်၏ နိယာမဖြစ်နေသည်။ ရူပါရုံများထဲတွင် လက်တွေ့လုပ်ဆောင်နိုင်သည်များ ပါဝင်ပြီး၊ လက်တွေ့လုပ်ဆောင်မှုအပြင် ရူပါရုံများလည်း ရှိသည်။ လူ့အသက်တာနှင့် သူ၏ စိတ်သဘောထားထဲရှိ ပြောင်းလဲမှုပမာဏသည် ရူပါရုံများထဲရှိ ပြောင်းလဲမှုများနှင့် ဒွန်တွဲနေသည်။ လူသည် သူ၏ကိုယ်ပိုင် အားထုတ်မှုကိုသာ အားကိုးနေခဲ့မည်ဆိုလျှင်၊ ကြီးမားသည့် ပမာဏရှိသော ပြောင်းလဲမှုကို စွမ်းဆောင်ရရှိရန် သူ့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ရူပါရုံများက ဘုရားသခင် ကိုယ်တိုင်၏အလုပ်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ပြောပြသည်။ လက်တွေ့လုပ်ဆောင်မှုသည် လူ၏လုပ်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းနှင့် လူ၏ဖြစ်တည်မှု ပုံစံကို ရည်ညွှန်းသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အားလုံးအတွင်းတွင် ရူပါရုံများနှင့် လက်တွေ့လုပ်ဆောင်မှု၏ ဆက်နွှယ်မှုမှာ ဘုရားသခင်နှင့် လူတို့အကြားရှိ ဆက်နွှယ်မှုဖြစ်သည်။ ရူပါရုံများကို ဖယ်ရှားခဲ့မည်၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုကို မပြောဘဲ ရူပါရုံများကိုသာ ပြောခဲ့မည်ဆိုလျှင်၊ သို့မဟုတ် ရူပါရုံများသာရှိခဲ့ပြီး လူ၏လက်တွေ့လုပ်ဆောင်မှုများကို ချေဖျက်ခဲ့မည်ဆိုလျှင်၊ ဘုရားသခင်၏ အလုပ်သည် လူသားမျိုးနွယ်အတွက် ဖြစ်သည်ဟု ပြောရန်မဆိုထားနှင့် ထိုသို့သော အရာများကို ဘုရားသခင်၏ စီမံခန့်ခွဲမှုအဖြစ် မှတ်ယူ၍ရတော့မည်မဟုတ်။ ဤနည်းအားဖြင့်၊ လူ၏တာဝန်သည် ဖယ်ရှားခံရမည်သာမက၊ ယင်းသည် ဘုရားသခင်အလုပ်၏ ရည်ရွယ်ချက်ကို ငြင်းပယ်ရာ ကျလိမ့်မည်။ အကယ်၍ အစမှအဆုံးတိုင် ဘုရားသခင်၏ အလုပ်မပါဝင်ဘဲ လူ့အနေဖြင့် လက်တွေ့ လုပ်ဆောင်ရန်သာ လိုအပ်ခဲ့မည် ဆိုပါက၊ ထို့အပြင် လူသည် ဘုရားသခင်၏ အလုပ်ကို သိရန် မလိုအပ်ခဲ့ပါက၊ ထိုသို့သော အလုပ်ကို ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု သာ၍ပင် မခေါ်ဆိုနိုင်ပေ။ လူသည် ဘုရားသခင်ကို မသိရှိခဲ့ဘဲ ဘုရားသခင်၏ အလိုတော်ကို မသိနားမလည်ဘဲ၊ မိမိ၏ လက်တွေ့လုပ်ဆောင်မှုကို မရေရာသည့် စိတ်ကူးသက်သက်ပုံစံဖြင့် အမြင်ကန်းစွာ လုပ်ဆောင်ခဲ့မည်ဆိုလျှင်၊ သူသည် ဘယ်သောအခါမှ ပြည့်ဝစွာ အရည်အချင်းမီသည့် သတ္တဝါတစ်ဦး ဖြစ်လာမည် မဟုတ်ပေ။ ထို့အတွက်ကြောင့်၊ ဤအရာနှစ်ခုစလုံးတို့သည် မရှိမဖြစ် ဖြစ်သည်။ ဘုရားသခင်၏ အလုပ်တစ်ခုတည်းသာ ရှိမည်ဆိုလျှင်၊ ဆိုလိုသည်မှာ၊ ရူပါရုံများသာ ရှိပြီး လူ၏ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ ထိုသို့သော အရာများကို ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု မခေါ်ဆိုနိုင်ပါ။ လူ၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုသာရှိပါက၊ မည်မျှမြင့်မားသည့် လမ်းကြောင်းကို လူကဝင်ရောက်ပါစေ၊ ဤအရာသည်လည်း လက်ခံနိုင်ဖွယ်ရာ ဖြစ်လိမ့်မည် မဟုတ်ပါ။ လူ၏ဝင်ရောက်မှုကို အလုပ်နှင့် ရူပါရုံများနှင့်အညီ တဖြည်းဖြည်း ပြောင်းလဲရမည်။ စိတ်ကူးပေါက်သည့်အတိုင်း ပြောင်းလဲ၍ မရနိုင်ပါ။ လူ့လက်တွေ့လုပ်ဆောင်မှု၏ နိယာမများသည် လွပ်လပ်နေခြင်းနှင့် ထိန်းမနိုင်သိမ်းမရ မဟုတ်သော်လည်း ချည်နှောင်မှု အချို့အတွင်း၌ရှိသည်။ ထိုသို့သော နိယာမများသည် အလုပ်၏ ရူပါရုံများနှင့်အညီ ပြောင်းလဲသည်။ ထို့အတွက်ကြောင့် နောက်ဆုံးတွင်မူ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှုပင် ဖြစ်တော့သည်။
လူသားမျိုးနွယ်ကြောင့်သာ စီမံခန့်ခွဲမှုအလုပ် ဖြစ်လာခြင်းဖြစ်သည်၊ လူသား၏ ဖြစ်တည်ခြင်း အားဖြင့်သာ ထိုအလုပ် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုလိုသည်။ လူသားမျိုးနွယ်မရှိခင်က သို့မဟုတ် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သည့် အစအဦးတွင် စီမံခန့်ခွဲမှု မရှိခဲ့ပေ။ ဘုရားသခင်၏ အလုပ်အားလုံးတွင်၊ လူအတွက် အကျိုးရှိသည့် လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ တစ်နည်းအားဖြင့်၊ ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်အတွက် သင့်လျော်သည့် သတ်မှတ်ချက်များကို ဘုရားသခင်က မပြုလုပ်ခဲ့လျှင် (ဘုရားသခင် လုပ်ဆောင်သည့် အလုပ်ထဲတွင်၊ လူမှ လက်တွေ့လုပ်ဆောင်ရန် သင့်တော်သည့် လမ်းကြောင်းများ မရှိခဲ့လျှင်)၊ ဤအလုပ်ကို ဘုရားသခင်၏ စီမံခံခန့်ခွဲမှုဟု မခေါ်ဆိုနိုင်ပါ။ ဘုရားသခင်၏ အလုပ်တစ်ခုလုံး၌ ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်အား သူတို့၏ လက်တွေ့ လုပ်ဆောင်မှုကို မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ပြောပြခြင်းသာ ပါဝင်မည်ဆိုပါက၊ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် လုပ်ငန်းတစ်ခုကိုမျှ မလုပ်ဆောင်ခဲ့ပါက၊ သူ၏အတိုင်းအဆမရှိသည့် တန်ခိုးနှင့် ဉာဏ်ပညာကိုလည်း စိုးစဉ်းမျှ မထုတ်ဖော် မပြသခဲ့ပါက၊ ဘုရားသခင်၏ လူသားအပေါ်ထားရှိသော သတ်မှတ်ချက်များသည် မည်မျှပင် မြင့်မားပါစေ၊ ဘုရားသခင်သည် လူသားများအကြား မည်မျှကြာအောင် နေထိုင်ခဲ့ပါစေ၊ လူသားအနေဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို လုံးဝသိရှိမည် မဟုတ်ပေ။ ထိုသို့သာဆိုလျှင်၊ ထိုသို့သော အလုပ်မျိုးသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု အခေါ်ခံရရန်ပင် မထိုက်တန်ပါ။ ရိုးရှင်းစွာပြောရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှု အလုပ်သည် ဘုရားသခင်က လုပ်သည့်အလုပ်ဖြစ်ပြီး၊ ဘုရားသခင်ကို ရရှိခဲ့သည့် ထိုသူများက ဘုရားသခင်၏ လမ်းညွှန်မှုအောက်တွင် လုပ်ဆောင်သော အလုပ်များအားလုံးပင်ဖြစ်သည်။ ထိုသို့သော အလုပ်ကို စီမံခန့်ခွဲမှုအဖြစ် အတိုချုံးနိုင်ပြီး၊ လူသားများအကြားရှိ ဘုရားသခင်၏ အလုပ်ကိုလည်းကောင်း၊ သူ့နောက်လိုက်သူများ အားလုံးနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကိုလည်းကောင်း ရည်ညွှန်းသည်။ ယင်းတို့အားလုံးကို စုပေါင်းပြီး စီမံခန့်ခွဲမှုဟု ခေါ်သည်။ ဤတွင် ဘုရားသခင်အလုပ်ကို ရူပါရုံများဟု ခေါ်ပြီး၊ လူ၏ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ လုပ်ဆောင်ခြင်းဟု ခေါ်သည်။ ဘုရားသခင်အလုပ်က မြင့်မားလေ (ဆိုလိုသည်မှာ၊ ရူပါရုံများက မြင့်မားလေ)၊ ဘုရားသခင်၏ စိတ်သဘောထားက လူသားများအတွက် ပို၍ပေါ်လွင်လေဖြစ်ကာ၊ ထိုစိတ်သဘောထားသည် လူသား၏ အယူအဆများနှင့် ပို၍ ကွဲလွဲလေ၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည်လည်း ပို၍မြင့်မားလေဖြစ်သည်။ လူသား၏ လိုအပ်ချက်များက မြင့်မားလေ၊ ဘုရားသခင်အလုပ်က လူ့အယူအဆများနှင့် ပို၍ ကွဲလွဲလေဖြစ်ရကား၊ ရလဒ်အနေနှင့် လူကို စမ်းသပ်မှုများနှင့် လူကပြည့်မီရန် လိုအပ်သည့် စံနှုန်းများက ပို၍မြင့်မားလာသည်။ ဤအလုပ်အဆုံးသတ်တွင်၊ ရူပါရုံများအားလုံး ပြီးမြောက်သွားမည်ဖြစ်ပြီး၊ လူသားက လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည်များကလည်း ပြီးပြည့်စုံခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည်။ ထိုအချိန်သည် လူအသီးသီးကို သူ့အမျိုးအစားအလိုက် ခွဲခြားမည့် အချိန်လည်း ဖြစ်သည်။ အကြောင်းမှာ လူသားက သိသင့်သည်ကို လူသားအား ပြသပြီးဖြစ်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့်၊ ရူပါရုံများက ၎င်းတို့၏အထွတ်အထိပ်သို့ ရောက်ချိန်တွင်၊ အလုပ်သည်လည်း ယင်းနှင့်အညီ အဆုံးသတ်သို့ ချဉ်းကပ်လာမည်ဖြစ်ကာ၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည် ဖြစ်သည်။ လူ၏လက်တွေ့လုပ်ဆောင်မှုက ဘုရားသခင်၏ အလုပ်အပေါ်တွင် အခြေခံထားပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုက လူ၏ လက်တွေ့လုပ်ဆောင်မှုနှင့် လူ၏ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် အပြည့်အဝ ဖော်ပြခြင်းကို ခံရသည်။ လူသည် ဘုရားသခင်အလုပ်၏ ထင်ရှားသည့် ဥပမာဖြစ်ပြီး၊ ဘုရားသခင်အလုပ်၏ စီမံခန့်ခွဲမှုအားလုံး၏ အပြုခံအရာနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး၏ ထုတ်ကုန်လည်းဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် လူ၏ပူးပေါင်းဆောင်ရွက်မှု မပါဝင်ဘဲ တစ်ပါးတည်း လုပ်ဆောင်ခဲ့ပါက၊ သူ့အလုပ်တစ်ခုလုံး၏ အကောင်အထည်ပေါ်လာသည့်အရာအဖြစ် အစေခံမည့်အရာ ဘာမျှရှိလိမ့်မည် မဟုတ်ပေ။ ဤနည်းလမ်းအားဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အနည်းငယ်မျှပင် အရေးပါမှု ရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်ပြင်ပမှ အံကိုက်ဖြစ်မည့် အပြုခံအရာ၊ ဤအလုပ်ကို ဖော်ပြနိုင်ပြီး၊ အလုပ်၏ အတိုင်းအဆမရှိသည့် တန်ခိုးနှင့် ဉာဏ်ပညာကို သက်သေပြနိုင်သည့် အပြုခံအရာကို ရွေးချယ်ခြင်းအားဖြင့်သာ ဘုရားသခင့် စီမံခန့်ခွဲမှု၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် ဖြစ်နိုင်မည်ဖြစ်ပြီး၊ ဤအလုပ်အားလုံးကို အသုံးပြုခြင်းဖြင့် စာတန်ကို အပြည့်အဝ အနိုင်ယူရန် ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်သည်။ ထို့ကြောင့် လူသည် ဘုရားသခင် စီမံခန့်ခွဲမှုအလုပ်၏ မရှိမဖြစ်သော အစိတ်အပိုင်းဖြစ်ပြီး၊ လူသားတစ်ဦးတည်းကသာလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အသီးသီးစေရန်နှင့် ယင်း၏အဆုံးစွန်သော ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် ပြုလုပ်ပေးနိုင်သည်။ လူသားကလွဲ၍ မည်သည့် သက်ရှိအမျိုးအစားကမှ ထိုကဲ့သို့သော အခန်းကဏ္ဍကို တာဝန်မယူနိုင်ပါ။ လူသားသည် စီမံခန့်ခွဲမှုအလုပ်၏ စစ်မှန်သည့် အကောင်အထည် ပေါ်လာသည့်အရာ ဖြစ်လာဖို့ဆိုလျှင်၊ ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်၏ မနာခံမှု အလုံးစုံသည် ပျောက်ပျက်သွားရမည်ဖြစ်သည်။ ထိုအတွက် လိုအပ်သည်များမှာ လူကို မတူညီသည့် အချိန်များအတွက် လူကို သင့်တော်သည့် လက်တွေ့လုပ်ဆောင်မှုပေးရန်နှင့်၊ ဘုရားသခင်က လူသားများအကြား ကိုက်ညီသည့်အလုပ်ကို လုပ်ဆောင်သွားရန်ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာ စီမံခန့်ခွဲမှုအလုပ်၏ အကောင်အထည်ပေါ်လာသည့် အရာဖြစ်သော လူတစ်စုသည်သာ နောက်ဆုံးတွင် ရယူခြင်းခံရမည် ဖြစ်သည်။ လူများအကြားရှိ ဘုရားသခင်၏ အလုပ်ကို ဘုရားသခင်တစ်ပါးတည်းလုပ်သော အလုပ်ဖြင့်သာ ဘုရားသခင်ကိုယ်တိုင်က သက်သေခံပေး၍ မရနိုင်ပါ။ အောင်မြင်မှု ရရှိရန်အတွက် ထိုကဲ့သို့သော သက်သေခံချက်က သူ့အလုပ်အတွက် သင့်တော်သည့် အသက်ရှင်နေသော လူသားများကို လိုအပ်သည်။ ပထမဦးစွာ ဘုရားသခင်က ထိုသူများအပေါ် လုပ်ဆောင်ပြီး၊ ထိုသူများအားဖြင့် သူ့အလုပ်ကို ဖော်ပြလိမ့်မည်၊ ထို့အတွက်ကြောင့် ဘုရားသခင်၏ ထိုသို့သော သက်သေခံချက်သည် သတ္တဝါများအကြားတွင် ပြုခြင်းခံရလိမ့်မည်။ ဤတွင် ဘုရားသခင်က သူ့အလုပ်၏ ရည်မှန်းချက်ကို ရရှိအောင်မြင်ပြီး ဖြစ်ပေလိမ့်မည်။ ဘုရားသခင်သည် သတ္တဝါများအကြားတွင် သူကိုယ်တိုင် တိုက်ရိုက် သက်သေခံ၍ မရသောကြောင့်၊ သူသည် စာတန်ကို အောင်နိုင်ရန်အတွက် တစ်ပါးတည်း မလုပ်ဆောင်ပေ။ သူသာ ထိုသို့လုပ်ဆောင်ရမည်ဆိုလျှင်၊ လူသားကို အကြွင်းမဲ့ လက်ခံယုံကြည်လာစေရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူကို သိမ်းပိုက်ရန်အတွက် ဘုရားသခင်က လူ့အပေါ် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ သို့မှသာလျှင် သူသည် သတ္တဝါများ အားလုံးအကြားတွင် သက်သေခံမှုကို ရရှိနိုင်မည်ဖြစ်သည်။ ဘုရားသခင် တစ်ပါးတည်းကသာ လုပ်ဆောင်ရမည်ဆိုလျှင်၊ လူ၏ပူးပေါင်းလုပ်ဆောင်မှု ရှိတော့မည်မဟုတ်ပေ၊ သို့မဟုတ် လူကသာ ပူးပေါင်းလုပ်ဆောင်ရန် မလိုအပ်ပါက၊ လူ့အနေဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို ဘယ်သောအခါမျှ သိနိုင်မည်မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်ကိုလည်း ထာဝစဉ် သတိပြုမိလိမ့်မည် မဟုတ်ပေ။ ဤနည်းလမ်းနှင့်ဆိုလျှင်၊ ယင်းကို ဘုရားသခင်အလုပ်၏ စီမံခန့်ခွဲမှုဟု ခေါ်ဆို၍ မရနိုင်ပါ။ လူကပင် သူကိုယ်တိုင် ရုန်းကန်ရ၊ ရှာဖွေရပြီး ကြိုးစားလုပ်ကိုင်ရပါသော်လည်း၊ ဘုရားသခင်၏ အလုပ်ကို နားမလည်ခဲ့ပါက၊ လူအနေဖြင့် နောက်ပြောင်ကျီစယ်နေသကဲ့သို့ ဖြစ်ချေမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မပါဝင်ပါက၊ လူက လုပ်ဆောင်နေသည်မှာ စာတန်၏ အလုပ်ပင်ဖြစ်ပြီး၊ လူသည် ပုန်ကန်သူဖြစ်ကာ မကောင်းမှုကို လုပ်ဆောင်သူ တစ်ဦးဖြစ်သည်။ ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်၏ လုပ်ဆောင်မှု အားလုံးတွင် စာတန်က ထုတ်ဖော်ပြသခြင်း ခံရသည်။ ထိုအထဲတွင် ဘုရားသခင်နှင့် သဟဇာတဖြစ်သောအရာ တစ်ခုမျှမရှိဘဲ၊ အားလုံးက စာတန်၏ သရုပ်သကန်ပင် ဖြစ်သည်။ ရူပါရုံများနှင့် လက်တွေ့လုပ်ဆောင်မှုမပါသည့် မည်သည့်အရာကိုမျှ မပြောခဲ့ပေ။ ရူပါရုံများ၏ အခြေခံပေါ်တွင် လူက လက်တွေ့လုပ်ဆောင်မှုကို ရှာတွေ့သည်၊ နာခံခြင်း လမ်းကြောင်းကို သူရှာတွေ့သည်၊ ထိုသို့အားဖြင့် သူသည် သူ၏ အယူအဆများကို ဘေးဖယ်ထားပြီး ယခင်က မပိုင်ဆိုင်ဖူးသည့် ထိုအရာများကို ရရှိစိမ့်သောငှာ ဖြစ်သည်။ ဘုရားသခင်မှ လူသားက သူနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ သူ၏သတ်မှတ်ချက်များကို လူသားက အပြည့်အဝ နာခံရန်နှင့် ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သည့်အလုပ်ကို ရှုမြင်ခြင်းငှာ လူသားက တောင်းဆိုရန်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တန်ခိုးကို ကြုံတွေ့ရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သိရန် အလိုရှိသည်။ အချုပ်အားဖြင့် ထိုအရာများသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်။ ဘုရားသခင်၏ လူသားနှင့် ပေါင်းစည်းခြင်းက စီမံခန့်ခွဲမှု၊ အကြီးမြတ်ဆုံးသော စီမံခန့်ခွဲမှုဖြစ်သည်။